နေပြည်တော်၊ မတ် ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ ကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာနှင့် ခရီးသွားလာခွင့်ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် AA သောင်းကျန်း သူများ၏ အကြမ်းဖက် ဖြစ်စဉ်တိုက်ပွဲများကြောင့် ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများမှဝန်ထမ်းများ စစ်တွေမြို့သို့ ယာယီရွှေ့ပြောင်းနေရာချထားနိုင်ရေး နှင့် ၎င်းတို့အနက် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ထားသည့် ကုလသမဂ္ဂ ဝန်ထမ်းများအနေဖြင့် ယာယီရွှေ့ပြောင်းနေရာချထားရန် ဆောင်ရွက်ရမည့်နည်းလမ်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ဆောင်ရွက်မှုနှင့် ပြန်လည်လက်ခံရန် ကြန့်ကြာအောင်ဆောင်ရွက်သည့် AA သောင်းကျန်းသူများ၏ ဆောင်ရွက်ချက်များ၊ လက်ရှိအခြေအနေတွင် ယင်းဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လုပ်ငန်းများ ရပ်တန့်နေမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်