ရန်ကုန် မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ယနေ့နံနက်ပိုင်းက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေး မှုမဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် မြို့တော်ခန်းမရှေ့ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တည် ဆောက်နေမှုလုပ်ငန်းကို ကြည့်ရှု စစ်ဆေးပြီး မဏ္ဍပ်များကြံ့ခိုင်ကောင်းမွန်အောင် တည်ဆောက်ရေး၊ ယာဉ်သွားလာမှု အနှောင့်အယှက် မဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည်  ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ လမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက် လမ်းလျှောက် သင်္ကြန်ပွဲခင်း ကျင်းပြင်ဆင်နေမှုနှင့် ဖျော်ဖြေရေးမဏ္ဍပ်တည်ဆောက်နေမှုကို ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များမှာကြားသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် လမ်းတစ် လျှောက်ရေမှုန်ရေမွှားလျှောက်လမ်း၊ ရေကစားမဏ္ဍပ်များ၊ ဂီတအနုပညာရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ်တို့နှင့်အတူ စားသောက်ဆိုင်ခန်းပေါင်း (၁၅၀)ပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ပြည်သူ့ရင်ပြင် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေးဆောင်ရွက် လျက်ရှိသည့် လုပ်ငန်း ခွင်သို့သွားရောက်၍ ရေမှုန်ရေမွှား လျှောက်လမ်းများနှင့် ရောင်စုံ ထီးများဖြင့်အလှဆင်ဆောင်ရွက်နေမှု၊ ရေကစားမဏ္ဍပ်များနှင့်ဖျော်ဖြေရေးမဏ္ဍပ်တည် ဆောက်နေမှု၊ တောင်ထန်းတဲများနေရာချထားမှု၊ ရေပိုက်များသွယ်တန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့် အဖွဲ့သည် ဗဟန်းမြို့နယ်၊အနောက်ရွှေဂုံတိုင် လမ်းနှင့် ရွှေတိဂုံစေ တီပတ်လမ်းထောင့်သို့သွားရောက်၍   ရွှေတိဂုံစေတီတော်ပတ်လမ်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုဒ်မှ အနောက်ရွှေဂုံတိုင်လမ်းဆုံထိ မူလလမ်းအားထပ်မံ၍ အကျယ် ၉ ပေ တိုးချဲ့ကွန်ကရိခင်းကျင်းနေမှုနှင့် လူသွားစင်္ကြံ ဆောင်ရွက်နေမှု လုပ်ငန်း များ လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ်စေတီ မင်္ဂလာကန်တော်သို့သွားရောက်၍ RC Driving Pile အခြေပြုသံကူကွန်ကရိတံတား လူလျှောက်လမ်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်နှင့်တပြေးညီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်