နေပြည်တော် မတ် ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့ နံနက်ပိုင်းက ရမည်းသင်းမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)  သို့ ရောက်ရှိပြီး စာမေးပွဲခန်းများတွင် အင်ဂျင်နီယာ ဘာသာ ရပ်များအလိုက် ကျောင်းသား၊ ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ စာသင်ခန်းများ၊ ပုံဆွဲခန်း၊ သိပ္ပံလက်တွေ့ခန်းများ၊ Life Skills ခန်းများနှင့် အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူ များအား အခြေခံသီအိုရီမှစ၍ နက်ရှိုင်းစွာ နားလည် သိရှိသွားပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင် သည်အထိ လေ့ကျင့်ပေးရန် မှာကြား၍ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ နည်းပညာ Skills များ ပြည့်ဝရုံ အပြင် ဗလငါးတန်နှင့် ပြည့်စုံသော ကျင့်ဝတ်၊ စည်းကမ်းများကိုလိုက်နာသော တိုင်းကျိုးပြည်ပြု အဖိုးတန်လူငယ်များဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ရမည်းသင်း)သို့ ရောက်ရှိပြီး အင်ဂျင်နီယာ ဘာသာရပ်များအလိုက် သင်တန်းနှစ်အလိုက် စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးရာ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီးက ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်ပေးရန်နှင့်  စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခေတ်မီ စာကြည့် တိုက်ဖြစ်စေရေး  ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဆရာနှင့် ကျောင်းသားများ စာကြည့်တိုက် အသုံးပြုမှုမြှင့်တင်ရန် မှာကြားပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို အမှန်တကယ် ဖြစ်ထွန်းစေမည့် သုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် ၊ နည်းပညာရည် ပြည့်ဝကာ ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ရန်၊ တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်