နေပြည်တော် မတ် ၂၉

 

ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၏ အခြေခံဖက်ရှင်ဒီဇိုင်းနည်းပညာ ဆရာမများမွမ်းမံ ToT သင်တန်းဆင်းပွဲ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး)၏ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ကျင်းပရာ သမဝါယမနှင့်‌ ‌‌ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အသင်းသားအသင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

ဉီးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယခုဖွင့်လှစ်ပေးခဲ့သော ToT သင်တန်းသည် ရက်ကန်းပညာရပ်နှင့် ဖက်ရှင် ဒီဇိုင်းပညာရပ်များပေါင်းစပ်ပြီး အဆင့်အတန်းမြင့်မားသည့် အဝတ်အထည်များ ထုတ်လုပ်နိုင်ရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို အခြေခံပြီး ခေတ်မီအသက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းတစ်ခုအဖြစ် တိုးမြှင့်သင်ကြားပေး နိုင်ရန်၊ စံချိန်စံညွှန်းမှီ ဈေးကွက်ဝင်အထည်များ ထုတ်လုပ်နိုင်စေရန်စတဲ့ ရည်ရွယ်ချက်ကောင်းများနဲ့ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နောင်အချိန်ကာလတစ်ခုမှာ ဖက်ရှင်ဒီဇိုင်းဒီပလိုမာဘွဲ့ ပေးအပ်နိုင်တဲ့အထိ ရည်ရွယ်သင်ကြားပေးခြင်းလည်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက အမှာစကား ပြောကြားပြီး အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး) အသင်းဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက အခြေခံဖက်ရှင် ဒီဇိုင်းနည်းပညာဆရာမများ မွမ်းမံ ToT သင်တန်းမှ ထူးချွန်ဆုရ သင်တန်းသူများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက သင်တန်းဆင်းအောင်လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းဆင်းလက်ရာ ဖက်ရှင်ဒီဇိုင်းများ ကိုလည်းကောင်း၊ Assessment Centre ရှိ လက်ရက်ကန်းစင်များတွင် လက်တွေ့ရက်လုပ်နေမှုများ ကိုလည်းကောင်း၊ Incubation Centre ရှိ စက်ရက်ကန်းစင်များကိုလည်းကောင်း၊ ပန်းပုံရိုက်နှင့် နည်းပညာဌာနရှိ သဘာဝဆေးဆိုး လုပ်ငန်းဆောင်ရွက်နေမှု များကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ကျောင်းအနီးရှိ အထည်အလိပ် ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး)၏ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော အိုင့်-သနပ်အိုင့် ကျေးရွာချင်းဆက် လမ်းအရှည် (၆) ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ ကျန်ရှိနေသည့် လမ်းအရှည် (၃) ဖာလုံအား လာမည့်ဘဏ္ဍာနှစ်များတွင် လျာထား ဆောင်ရွက်နိုင်ရေးနှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းနိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင် စီမံကိန်းကျေးရွာဖြစ်သော အိမ်ခြေ (၂၄၀)၊ လူဦးရေ (၁၁၅၄) ဦးရှိ သဖန်းပင်ရိုးကျေးရွာသို့ သွားရောက်ပြီး စီမံကိန်းကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးရွာ၏ ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ (၅၀) ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းလမ်း အရှည် ပေ (၆၂၀) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဒုတိယဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်ကို သွားရောက်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ဖြင့်  ဝါစိုက်ပျိုးရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)