နေပြည်တော် မတ် ၂၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကိုလုံးဝလက်မခံသည့် လူမှုအသိုက် အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ/ဆရာမများ၏အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ကျောင်းသားလူငယ်များအား အသိပညာများ ထပ်ဆင့်မျှဝေနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များ၊ ပဲခူးမြို့၊ ထားဝယ်မြို့၊ မကွေးမြို့၊ ပုသိမ်မြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်သည့် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများ၌ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် ကျောင်းပညာရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေးအစီအစဉ်များကို မတ် ၂၅ ရက်မှ ၂၉ ရက် အထိ ဆောင်ရွက်ခဲ့သည်။
အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၉၃ ကျောင်း၌ ဆရာ/ဆရာမအင်အား စုစုပေါင်း (၁၃၅၇၂) ဦး တက်ရောက်ခဲ့ပြီး အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်စေသော အကြောင်း အရာများ၊ အဂတိလိုက်စားမှုပုံစံများ၊ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍအရေးပါပုံ၊ ကျောင်းပညာရေးကဏ္ဍတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ သင်ခန်းစာများထည့်သွင်းထားရှိမှု အခြေအနေ၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)