ရန်ကုန် မတ် ၂၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ အမှတ် (၁၀၁)၊ အမှတ် (၃) လမ်းမနှင့် ဗေဒါလမ်း ထောင့်ရှိ မြန်ရွှေပြည် ယန္တရားလီမိတက်သင်တန်းကျောင်း၏ Hydraulic Excavator Operator Level-1 အလုပ်အကိုင်အတွက် NSSA အသိအမှတ်ပြု Assessment Center အဖြစ် သက်တမ်းတိုးမြှင့်နိုင်ရေး NSSA သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးရေးမှူးအဖွဲ့ (Inspection Team) ဖြင့် စစ်ဆေးနေမှုကို ကြည့်ရှုအားပေးသည်။
စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံက မြန်ရွှေပြည်ယန္တရားလီမိတက်သင်တန်းကျောင်း ၏ Hydraulic Excavator Operator Level-1 အလုပ်အကိုင်အတွက် NSSA အသိအမှတ်ပြု Assessment Center အဖြစ် ၂၀၁၈ ခုနှစ် မတ် ၆ ရက်မှ စတင်ရရှိထားကြောင်း၊ ခွင့်ပြုသက်တမ်းကာလ (၆) နှစ်အတွင်း စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်ကို (၈) ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြေဆိုသူ လုပ်သား (၇၈) ဦးကို စစ်ဆေး အကဲဖြတ်ခဲ့ရာ အရည်အသွေးပြည့်မီသူ (၇၇) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ မတ် ၅ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်၍ သက်တမ်းတိုးမြှင့်နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ လုပ်ငန်းအမျိုးအစားအလိုက် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေး နိုင်ရန်နှင့် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ရန် မြေတူးစက် မောင်းသင်တန်းကို ပို့ချလျက်ရှိကြောင်း တင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက စစ်ဆေးအကဲဖြတ်ရေးဌာနသို့ လာရောက်စစ်ဆေးလျက်ရှိသော Inspection Team အဖွဲ့များ၊ စစ်ဆေးအကဲဖြတ်ရေးဌာနတာဝန်ခံများကို နိုင်ငံတော်အနေဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (Assessment Center) များသည် အဓိကအရင်း အမြစ်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၊ သင်တန်းကျောင်းများအနေဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ် နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ ထူထောင်ကာ စစ်ဆေးအကဲဖြတ်ခြင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်ရွှေပြည်ယန္တရားလီမိတက်သင်တန်း ကျောင်းအနေဖြင့် NSSA နှင့်ပူးပေါင်း၍ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းအပြင် အောင်မြင်သူ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)