နေပြည်တော် မတ် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့ ညနေပိုင်းတွင် ပွင့်ဖြူမြို့နယ်၊ ဇီးတောကျေးရွာ နွေစပါးစံပြကွက်၌ ရေအသုံးချသူများအဖွဲ့ (WUG)ဝင် တောင်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံ၍ ဒေသ၏ရေရရှိရေးလုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို မေးမြန်းဆွေးနွေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ဆည်ရေသောက်ဒေသများတွင် လက်ရှိစိုက်ပျိုးလျက်ရှိသော ဧရာမင်းစပါးမျိုးကို စိုက်ပျိုးရေးဦးစီးဌာနက ဇီဝနည်းပညာဖြင့် မျိုးဗီဇပြုပြင်ထုတ်လုပ်ထားသည့် သက်တမ်းတို ဧရာမင်းစပါး မျိုးဖြင့် အစားထိုးစိုက်ပျိုးမည်ဆိုပါက သီးထပ်စိုက်ပျိုးရန် အချိန်ပိုမိုရရှိနိုင်သဖြင့် လာမည့်ရာသီတွင် တောင်သူနှင့်ပူးပေါင်း၍ သက်တမ်းတို ဧရာမင်းစပါးမျိုးကို စမ်းသပ်စိုက်ပျိုးပြီး တောင်သူ နှစ်သက်ပါက ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးနိုင်ရေး အားပေးဆောင်ရွက်သွားရန်၊ ယခုအချိန်တွင် နှမ်းများ ရေသွင်းစိုက်ပျိုးနေချိန်ဖြစ်၍ ဆည်ရေများ ၊ မြစ်ရေတင်နှင့် မြေအောက်ရေများကို အလေအလွင့်မရှိ အကျိုးရှိစွာ သုံးစွဲပြီး (၂)သီးမှ (၃)သီး တိုးတက်စိုက်ပျိုး နိုင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး တို့အတွက် တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး စက်မှု လယ်ယာဦးစီးဌာန အင်းကုန်း စက်မှုအလုပ်ရုံကထုတ်လုပ်သည့် အပေါ့စားလက်ဆွဲကောက်စိုက်စက်ကို တောင်သူများ လက်တွေ့ အသုံးပြုပြီး နွေစပါးစိုက်ပျိုးနေမှု ကိုကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ ပွင့်ဖြူ မျိုးသန့်ခြံ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေ၊မြေ၊ဒေသနှင့် ကိုက်ညီသောမျိုး ကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးရန် ၊ မျိုးဗီဇမှန်ကန်ပြီး၊ မျိုးစေ့ အရည်အသွေးနှင့်ပြည့်စုံ သော မျိုးစေ့ရရှိရေးအတွက် အရည်အသွေးထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ စီးပွားရေးအရ တွက်ချေကိုက်သော သီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပွင့်ဖြူမျိုးသန့်ခြံ မျိုးစေ့ထုတ်စိုက်ကွင်းတွင် ခေတ်မီမျိုးစေ့ချကိရိယာ အသုံးပြု၍ မျိုးစေ့ထုတ်ရန် နွေနှမ်း စိုက်ပျိုးနေမှု ၊ ပေါင်ကြီးတင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲတို့ကို ကြည့်ရှုအားပေးသည်။
နှမ်းသီးနှံစိုက်ပျိုးရာတွင် ရေငတ်ဒဏ်နှင့် ရေဝပ်ဒဏ်တို့ကြောင့် သီးနှံပျက်စီးမှုမှ ကာကွယ်နိုင်စေရန်နှင့် ရေသွင်း ရေထုတ်ခြင်းကို လိုအပ်သလိုစီမံဆောင်ရွက်နိုင်ရန်အတွက် ပေါင်(ဘောင်)ကြီးတင်စနစ် အသုံးပြုစိုက်ပျိုးရန်လိုကြောင်း၊ နှမ်းသီးနှံပန်းတိုင်အတွက်နှုန်းရရှိစေရန် အပင်ဦးရေ ပြည့်မီစွာ စိုက်ပျိုး ရှင်သန်စေရေး ဂရုပြုရန်နှင့် မျိုးစေ့ကုန်ကျမှု သက်သာစေရေးအတွက် နှမ်းမျိုးစေ့ချကိရိယာများအသုံးပြုရန် လိုအပ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပွင့်ဖြူ စိုက်ပျိုးရေးနှင့်မွေးမြူရေး သိပ္ပံ ကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက စာသင်နှစ်အလိုက် ဆောင်ရွက်လျက်ရှိသော စာတွေ့ လက်တွေ့ သင်ကြား သင်ယူရေးလုပ်ငန်းများ၊ ကျောင်းသား ကျောင်းသူများ၏ ကာယဉာဏဖွံ့ဖြိုးရေး စီမံဆောင်ရွက် နေမှုများ၊ လာမည့် စာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူ ရေးဒီပလိုမာသင်တန်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆရာကျင့်ဝတ် သိက္ခာနှင့်အညီ စံနမူနာပြ ပြုမူဆောင်ရွက်ခြင်းဖြင့် သင်ကြား သင်ယူရေး အပိုင်း၏ ထိရောက်အောင်မြင်နိုင်မှု၊ ဆရာ့ထက်တော်သော တပည့်များ၊ စွမ်းဆောင်ရည်မြင့်မားသော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန် ဆရာတစ်ဦးချင်း၏ သက်ဆိုင်ရာ ဘာသာရပ်များအပေါ် ကျွမ်းကျင်မှုရှိစေရေးအတွက် စဉ်ဆက်မပြတ်လေ့လာ အားထုတ်ရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း၏ လက်တွေ့သင်ကြားလေ့ကျင့်ရေး စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မကွေးမြို့ပုဂ္ဂလိက ဆီစက်လုပ်ငန်းရှင် များ၏ နေကြာဆီနှင့် မြေပဲဆီထုတ်လုပ်သည့် ဆီစက်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက် အကြံဉာဏ်များဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)