နေပြည်တော် မတ် ၂၉
ပြည်ပတွင် အစည်းအဝေး၊ လေ့လာရေး၊ အလုပ်ရုံဆွေးနွေးပွဲများ သို့ တက်ရောက် လေ့လာခဲ့ကြသော ဝန်ထမ်းများ၏ သင်ယူလေ့လာနိုင်မှုစွမ်းရည်များကို အကဲဖြတ်နိုင်ရန်နှင့် ယင်းတို့၏အတွေ့အကြုံများ၊ နည်းပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ယနေ့အချိန်တွင် အရေးကြီးနေသည့် ဘက်စုံပိုးမွှားနှိမ်နှင်းရေး (IPM) ကိုထိထိမိမိ ထဲထဲဝင်ဝင်ဆောင်ရွက်၍ ဖျက်ပိုးများအမျိုးအစားခွဲခြား ရာတွင် Molecular နည်းပညာကို မြှင့်တင်အသုံးပြု ဆောင်ရွက်ရန်လို ကြောင်း၊ စပါးနှင့်ပတ်သက်၍ ရွေးချယ်ထုတ်လုပ်ထားသောမျိုးများကို လာမည့် မိုးစပါးရာ သီမှစတင်I တောင်သူများ အများအပြား စိုက်ပျိုး နေသော မျိုးများနှင့် နှိုင်းယှဥ်စိုက်ပျိုး ရန်လိုကြောင်း၊ ဗီဇပညာနှင့် မျိုးမွေးမြူရေးလုပ်ငန်းတွင် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးမြူရန်လိုကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှလည်း စာရင်းအင်းများကို မှန်မှန်ကန်ကန်နှင့် တိကျစွာဆောင်ရွက်နိုင်ရေးအတွက် ကိန်းဂဏန်း အချက်အလက်များ မှန်ကန်စေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုကြောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ အနေဖြင့် ရေရှည်စီမံကိန်းများ ရေးဆွဲ၍ စိုက်ပျိုးရေး ပညာရှင်များ မွေးမြူလေ့ကျင့်ပေးနိုင်ရေး ဘွဲ့ပေးအပ်သည့် အစီအစဉ်များကို သုံးသပ် ဆောင်ရွက်ရန်၊မိမိတို့လုပ်ကိုင်ရမည့် လုပ်ငန်းတာဝန်များအား မိမိကိုယ်မိမိယုံကြည်စွာ လုပ်ဆောင်ကြရန်၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာဖြန့်ဝေခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး တောင်သူ လယ်သမားများထံသို့ ခေတ်ကာလလိုအပ်ချက် နှင့်အညီ လျှင်မြန်စွာ ရောက်ရှိစေရန်လိုကြောင်း၊ မိမိတို့ရေမြေနှင့် လိုက်လျောညီထွေစွာ ပြန်လည် တည်ဆောက် အသုံးပြုနိုင်ရန်နှင့် တောင်သူများကိုယ်တိုင် ပူးပေါင်း ပါဝင်လာစေရန် နည်းပညာပေး လက်တွဲခေါ်ယူနိုင်ရေး ကြိုးပမ်းကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ပနိုင်ငံများ၏ အစည်းအဝေး၊ လေ့လာရေး၊ အလုပ်ရုံဆွေးနွေးပွဲများသို့ သွားရောက်လေ့လာ ခဲ့ကြသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ ဝန်ထမ်းများက သက်ဆိုင်ရာ အတွေ့အကြုံများ၊ နည်းပညာဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သင်ယူလေ့လာခဲ့မှုနှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးပြုနိုင်မည့် အလားအလာများကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)