နေပြည်တော် မတ် ၂၉

         

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဗဟိုအဆင့်နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် သုခုမလမ်းရှိ အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ လယ်ဝေးမြို့ နယ်ပညာ ရေးမှူး၊ သင်တန်းနည်းပြများနှင့် ဗဟိုအဆင့်နည်းပြ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

       အခမ်းအနားမစတင်မီ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်လာသော အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့မှ ဆရာ ဆရာမများ ဖြစ်ကြသည့် သင်တန်းသား သင်တန်းသူများက အဆိုအကများဖြင့်  ပျော်ရွှင်စွာ သီဆိုဂုဏ်ပြုကြသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားသည်။

 

ယင်းနောက် အောက်မြန်မာပြည် ကိုယ်စားပြု သင်တန်းသား ၁ ဦးနှင့် အထက်မြန်မာပြည် ကိုယ်စားပြု သင်တန်းသူ ၁ ဦးတို့က သင်တန်း အတွေ့အကြုံများနှင့် အကြံပြု စကားများ ပြောကြား သည်။

 

ယခုဖွင့်လှစ်ခဲ့သည့် ဗဟိုအဆင့် နည်းပြသင်တန်းတွင် စာတတ်မြောက်ရေးလုပ်ငန်း၏ သဘော သဘာဝ၊ ပညာရယူပုံနည်းလမ်းများ၊ ထိရောက်သော သင်ကြားသင်ယူမှုနည်းစနစ်များ၊ အခြေခံမြန်မာ စာဘာသာရပ် အခန်းလိုက် သင်ကြားပုံနည်းစနစ်များ၊ အခြေခံသင်္ချာဘာသာရပ် အခန်း လိုက်သင်ကြားပုံ သင်နည်းစနစ်များ၊ ဝ ထ က လ သ မှစ၍ စာတတ်မြောက်ရေး သင်ကြားခြင်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် Mobile Application အသုံးပြုနည်းစနစ်ဖြင့် သင်ကြားပုံနည်းလမ်းများ၊ ကျောင်းပြင်ပပညာရေးနှင့် စာတတ်မြောက်ရေးဆိုင်ရာပညာပေး ဇာတ်လမ်းတိုများ၊ တေးသီချင်းများ အသုံးပြု၍ ပြသပညာပေးခြင်း နည်းလမ်းများ၊ ကြီးကြပ် အကဲ ဖြတ်ခြင်းဆိုင်ရာ ပုံစံများနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ စာသင်သား ပြည်သူများအတွက် လူမှုဘဝ မြင့်မားရေးဆိုင်ရာ အစီအစဉ်များကိုပါ အသိပညာပေးခြင်းများဖြင့် မတ် ၂၆ ရက်မှ ၂၈ ရက် အထိ  ၃ ရက်ကြာ ပို့ချခဲ့သည်။   

 

အဆိုပါသင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာတို့မှ ကိုယ်စားပြု သင်တန်းသား သင်တန်းသူ ဆရာ၊ဆရာမ ၁၂၇ ဦး တက်ရောက် ခဲ့ပြီး ၎င်းတို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဧပြီလ ပထမပတ်အတွင်း ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)