နေပြည်တော် မတ် ၂၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန် ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသံအမတ်ကြီး တာဝန်ထမ်းဆောင် စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများ အတွက် ဂုဏ်ယူပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံအကြားသမိုင်းကြောင်း အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)