ရန်ကုန် မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဉီးဗိုလ်ဌေး သည် ဒုတိယမြို့တော်ဝန် ဉီးညီညီ၊အတွင်းရေးမှူး ဉီးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အလယ်ဗဟိုလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေး စနေနေ့ အထူးစုပေါင်း လုပ်အားပေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြို့တော်ဝန်က ကျောင်းအဆောက်အဦတွယ်ကပ်ပင်များနှင့် အဆောက် အဦအမိုးပေါ်ရှိ အမှိုက်များ ရှင်းလင်းရန်၊ကျောင်းဝင်းအတွင်း ရေနုတ်မြောင်းရေစီး ရေလာကောင်းမွန် ရေးဆောင်ရွက်ရန်နှင့် အမှိုက်များအား အပြောင်ရှင်းစနစ်ဖြင့် တစ်ပါတည်းသိမ်းဆည်း ရှင်းလင်းရန် မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းသည် ၄ ဒသမ ၂၈ ဧက ကျယ်ဝန်းပြီး ကျောင်းသား၊ကျောင်းသူ ၁၁၀၀ ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ ဗဟိုလမ်း (မင်းကြီးလမ်း) နှင့်လမ်းသစ်လမ်းထောင့်ရှိ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန၊ အင်းစိန်ပန်းခြံ သို့သွားရောက်၍ ပန်းခြံအတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုကို လည်းကောင်း၊ အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊ ဗဟိုလမ်း (မင်းကြီးလမ်း)ရှိ ကသွယ်ချောင်းရေ စီးရေလာ အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ကသွယ်ချောင်းရေစီးရေလာ ကောင်းမွန်ရေး ချောင်းအတွင်းရှိ နုန်းများ ဆယ်ယူရှင်းလင်းရန်နှင့် ချောင်းကမ်းစပ်ရှိ ချုံနွယ်များခုတ်ထွင် ရှင်းလင်းရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက် ၊သာယာအေး (၂) လမ်းရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းဝင်းအတွင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့် ဆောင်ရွက်နေမှု၊ သစ်ရွက်ကြွေ အမှိုက်များရှင်းလင်းနေမှု၊ သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ် ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်း ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အင်းစိန်မြို့နယ်၊ အမှတ်(၃)အခြေခံ ပညာအလယ်တန်း ကျောင်းသည် ၃ ဒသမ ၉၂ ဧက ကျယ်ဝန်းပြီး ကျောင်းသူကျောင်းသား ၅၀၀ ဦးတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


