နေပြည်တော် မတ် ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီပညာရှင်များအကြား အတွေးအမြင်အယူအဆ ကွာဟမှုမရှိစေဘဲ တစ်သားတည်း ဖြစ်စေရန်ရည်ရွယ်၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသော အကြိမ်(၃၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲကို “ကျောက်ဆည်ဒေသ နှမ်းသီးနှံ စိုက်ပျိုးမှုစနစ်များနှင့် ပိုးမွှားရော ဂါနှိမ်နှင်းနည်းများအကြောင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် နေပြည်တော် ကောင်စီ နယ်မြေ (၈)မြို့နယ်မှ တောင်သူများ၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသီ ပညာရှင်များအကြား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ယခုကဲ့သို့ ဆွေးနွေးပွဲများ အပတ်စဉ် ကျင်းပပေးရ ခြသည် တောင်သူများနှင့် စိုက်ပျိုးရေး သုတေသီပညာရှင်များအကြား ဖြစ်ပေါ်နေသည့် နည်းပညာ၊ အတွေးအခေါ်၊ အယူအဆကွာဟမှုများ နည်းနိုင်သမျှနည်းအောင် လျော့နည်း ပပျောက်စေရန် အတူတူပေါင်းစပ် ညှိနှိုင်းသွားရမည့် အလေ့အကျင့်ကောင်းရရှိရေး လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ နှမ်းသီးနှံနှင့် ပတ်သက်ပြီး အထွက်နှုန်းကောင်း၊ ရလဒ်ကောင်းစေသော စိုက်နည်းစနစ်ဖြစ်သည့် ဘောင်ကြီးတင် စိုက်ပျိုးနည်း စနစ်နှင့် နှမ်းသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့် ပတ်သက်၍ တောင်သူများ အကျိုးရှေးရှုကာ ရည်ရွယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း တစ်ဆက်တည်း ပြောကြားလိုသည်မှာ စိုက်ပျိုးရေး သုတေသီ ပညာရှင်များအနေဖြင့် တောင်သူများ နားလည်လွယ်ကူသော အသုံးအနှုန်းများကို သတိထား ရေးသားပြော ဆိုရန်လိုအပ်ကြောင်း၊ တောင်သူဦးကြီးများ ရောင်းဝယ် ဖောက်ကားရာတွင်လည်း တစ်ဦးချင်းထက် အစုအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ရောင်းဝယ်ရန်လိုအပ် နေပြီဖြစ်ကြောင်း၊ မသမာသောနည်းလမ်းဖြင့် ရောင်းဝယ်ဖောက်ကားမှုကို သတိထားရှောင်ရှားကြရန် လိုအပ်နေပြီဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အကြိမ် (၃၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers technical forum ) တွင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဦးစီးမှူးများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခများနှင့် ဆရာ ဆရာမများ၊ စိုက်ပျိုးရေး ဆိုင်ရာ ပညာရှင်များ၊ နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ်အတွင်းမှ တောင်သူ (၁၀၂) ဦး၊ ပညာရှင်ဝန်ထမ်း ၈၅ ဦး၊ Zoon Application မှ တက်ရောက်သူ ၃၀ ၊ စုစုပေါင်း ၂၁၇ ဦးတက်ရောက်ပြီး ကျောက်ဆည်ဒေသ နှမ်းသီးနှံ စိုက်ပျိုးမှု စနစ်များနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြမှုကို စိုက်ပျိုး ရေးသုတေသနဦးစီးဌာန ကျောက်ဆည်သုတေသနခြံတာဝန်ခံ သုတေသန အရာရှိ ဦးတင့်လွင်က လည်းကောင်း၊ နှမ်းသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်း နည်းလမ်းများအကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနမှ ဦးစီးအရာရှိ ဒေါက်တာရီရီမြင့်ကလည်းကောင်း၊ ဆွေးနွေးရာ တောင်သူများမေးမြန်းမှုအပေါ် ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်