နေပြည်တော်၊ ဧပြီ ၁
စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ရေနံချက်စက်ရုံများ၊ ဓာတ်မြေဩဇာ စက်ရုံများနှင့် ရေနံဓာတ်ငွေ့ရည် LPG စက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးကို အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုများအပေါ် သေချာစွာ စိစစ်သုံးသပ်ပြီး ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းများ နှင့် ပတ်သက်၍ ရေရှည်အစီအမံများချမှတ်၍ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် စိစစ်သုံးသပ်နိုင်ရေး ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းများကို မိမိတို့ဝန်ကြီးဌာနမှ ကိုယ်တိုင်ဆောင်ရွက်နေသလို နိုင်ငံတကာ ရေနံကုမ္ပဏီများနှင့် ပူးပေါင်း၍လည်း ဆောင်ရွက်နေပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခြင်းကို သုံးသပ်ကြည့်မည်ဆိုပါက ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ မြေအသစ်များ ရှာဖွေတွေ့ရှိခြင်းမရှိတော့သည်ကိုတွေ့ရှိရသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ အသစ်ရှာဖွေတွေ့ရှိနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဓာတ်မြေဩဇာ စက်ရုံများအနေဖြင့်လည်း အကန့်အသတ်ဖြင့်ရရှိသည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိ ထိရောက်စွာ အသုံးပြု၍ အရည်အသွေးပြည့်မီသည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေး လက်ရှိစက်ရုံများ စနစ်တကျပြင်ဆင် မွမ်းမံသွားကြရန် လိုပါကြောင်း၊ ထို့အပြင် မိမိတို့ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လက်ရှိဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက်ကိုလည်း အစီအမံများ ချမှတ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတို့က စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ စက်သုံးဆီဖူလုံရေး ဆောင်ရွက်နေမှု၊ စနစ်တကျ တင်သွင်းသိုလှောင် ဖြန့်ဖြူးမှု၊ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး ဆောင်ရွက်နိုင်မှု၊ ပြည်တွင်းလိုအပ်ချက် အားဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နိုင်မှု၊ ကုန်ထုတ်လုပ်မှုတိုး တက်ရေးအတွက် ရေနံချက်စက်ရုံများ၊ ဓာတ်မြေဩဇာ စက်ရုံများနှင့် ရေနံဓာတ်ငွေ့ရည် LPG စက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်နေမှုတို့ကို သုံးသပ်တင်ပြခဲ့ကြပြီး စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ပြည်ထောင်စုဝန်ကြီးတို့က ဖြည့်စွက်သုံးသပ်ဆွေးနွေးသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ တာဝန်ရှိသူများသည် In person စနစ်ဖြင့်လည်းကောင်း၊ ရေနံမြေ၊ စက်ရုံ၊ အလုပ်ရုံနှင့် ပြည်နယ်/ တိုင်းစစ်ဆေးရေး အရာရှိရုံးများ၊ ရေနံမြေတို့မှ တာဝန်ရှိသူများသည် Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်