နေပြည်တော် ဧပြီ ၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ဌာနတွင်း ထူးခြားကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သော ဌာနခွဲများ၊ ဝန်ထမ်းများနှင့် နိုင်ငံတော်၏ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်‌တော်၊ ရုံးအမှတ်-၃ ၌  ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဉီးထွန်းအုံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်းဆုံး ဌာနခွဲဆုများ ချီးမြှင့်ခြင်း၊ တာဝန်ရှိသူအရာရှိကြီးများမှ စံပြဝန်ထမ်းဆုများချီးမြှင့်ခြင်း၊ အကောင်းဆုံး တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းဆုများ ချီးမြှင့်ခြင်းများကို ဆောင်ရွက်ကြပြီး အခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ တေးသရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေသည်။  

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ကဏ္ဍပေါင်းများစွာရှိသည့်အနက်မှ ကုန်သွယ်မှုကဏ္ဍကို အဓိကထား ဆောင်ရွက်နေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနသည် ပို့ကုန်သွင်းကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတာဝန်ယူပြီး အစိုးရ-ပုဂ္ဂလိက ကဏ္ဍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေသော ဦးစီးဌာနတစ်ခုဖြစ်ကာ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် ပို့ကုန်သွင်းကုန်ကဏ္ဍကို တာဝန်ယူထမ်းဆောင်လျက်ရှိရာ နိုင်ငံတကာ၊ ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဦးစီးဌာန တစ်ခုဖြစ်သည်။

ကုန်သွယ်ရေးဦးစီးဌာနသည် ခေတ်နှင့်အညီ ဌာန၏ဖွဲ့စည်းပုံအား အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ကုန်သွယ်ရေးဦးစီးဌာနဟု အမည်ဖြစ်ပေါ်လာသည့် နေ့ဖြစ်ခြင်းကြောင့် ယနေ့သည် ဌာန၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်