နေပြည်တော်၊ ဧပြီ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၌ ကျင်းပသည့် နိုင်ငံတစ်ဝန်း သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့သင်တန်းကို တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် သန့်ရှင်းသော မြေအောက်သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင်အနက် မီတာ ၁,၀၀၀ (ပေ ၃,၀၀၀) အထိ တူးဖော်အသုံးပြုနိုင်မည့် စက်ယန္တရားများဖြင့် ပထမဦးဆုံး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါရေရရှိရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့် ရေကြောရှာဖွေရေးစက်၊ ရေတွင်းတူးစက်များကို ဝယ်ယူ အသုံးပြု၍ ဝန်ထမ်းများအား ကျွမ်းကျင်ပညာရှင်များဖြင့် စာတွေ့၊ လက်တွေ့ပို့ချနိုင်ရေး အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။
ဝန်ထမ်းများအနေဖြင့် ရေရရှိရေးအတွက် လေ့ကျင့်သင်ကြားပေးသည့် ပညာရပ်များအပေါ် မူတည်၍ ဆက်စပ်အသုံးပြုမည့် ယာဉ်ယန္တရားများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချဆောင်ရွက်သွားနိုင်ရေး ကြိုးစားလေ့လာသင်ယူသွားကြရန် မှာကြားသည်။
ထို့နောက် သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံက ရေကြောရှာဖွေရေးစက်နှင့် ရေတွင်းတူးစက် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ပြီး ဒုတိယဝန်ကြီးက သင်တန်းသားများကို ထောက်ပံ့ငွေများပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရေကြောရှာဖွေရေးစက်နှင့် ရေတွင်းတူးစက်သုံး ပစ္စည်းကိရိယာများနှင့် နည်းပြများ၏ ရေတွင်းတူးစက်လက်တွေ့တူးဖော် သရုပ်ပြသနေမှုကို သင်တန်းသားများနှင့်အတူ ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ မြသုခကျေးရွာအနီး အနောက်ပြက္ခ ရွေတောင်တော်ပေါ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ပဉ္စမမြောက် စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်ပြီးစီးခဲ့သည့် တောင်တက်မြေသားလမ်း ၄ မိုင်ပြီးစီးမှု၊ စွယ်တော်မြတ်စေတီ ပရိဝုဏ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများပြီးစီးမှုနှင့် ထပ်မံဆောင်ရွက်နေသည့် လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်