နေပြည်တော် ဧပြီ ၂
နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လယ်ဝေးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အားကစားကွင်းများတွင် မတ် ၁၉ ရက်မှစတင်ကာ အားကစားနည်း ခုနစ်မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါ နွေရာသီ အားကစားသင်တန်းများအား အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ခရစ်ကက်၊ အထက(ကံသာ)တွင် ဘော်လီဘော၊ TC-2တွင် ကြက်တောင်၊ ဇေယျထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မြန်မာ့သိုင်း၊ Fitness Dance စသည်ဖြင့် ဖွင့်လှစ်ကာ သင်တန်းသား၊ သင်တန်းသူ ၂၃၀ အား သင်တန်းနည်းပြ ၁၄ ဦးက သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)