ရန်ကုန်၊ ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းအင်အားများဖြင့် စဉ်ဆက်မပြတ် စုပေါင်းလုပ်အားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ ဌာနမှူးများ တာဝန်ရှိသူများနှင့် အတူ သာကေတမြို့နယ်၊ ထူပါရုံလမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းဘဲတန်း မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကြည့်မြင့်တိုင်မြို့နယ်၊ အိုးဖိုရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းနှင့် ကျုံကြီးလမ်းထောင့်ရှိ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ကင်ပွန်းခြံလမ်းရှိအမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ပူးပေါင်းအင်အားများဖြင့်၊ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်းနှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ အမှိုက်များလှဲကျင်း ရှင်းလင်းခြင်း၊ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေစည်ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ် ပြုလုပ်ခြင်း စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

ယမန်နေ့ ညပိုင်းကလည်း မြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အကြားရှိ ဦးဝိစာရလမ်း မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ မြေအောက်လမ်းကူး လူသွားဉမင်သည် အမြင့် ၁၁ ပေ၊ ခန်းဖွင့်အကျယ် ၂၃ပေ၊ ဥမင်အလျား ၄၆၁ ပေ ၉လက်မ၊ အဝင်/အထွက်ပေါက် ၄ ခု အပေါ်ဖို့မြေအမြင့် ၂ ပေ ၉ လက်မ၊ ရွေ့လျားစက်လှေကား ၄ စင်း၊ မသန်စွမ်းများ အသုံးပြုရန် ဓာတ်လှေကား ၂ စင်း ပါဝင်မည်ဖြစ်ပြီး ၁နာရီလျှင် လူဦးရေ ၁၄၀၀၀ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ ပြည်သူများ လာရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာ ဖြတ်သန်း သွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်စေရန် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ ဆောင်ရွက်နေသည့် အရှည်ပေ ၁၂၀၀၊ အကျယ် ပေ ၃၀ ရှိ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ အနောက်‌ရွှေဂုံတိုင်လမ်းအထိ ရွှေတိဂုံစေတီတော်ပတ်လမ်း ကတ္တရာကွန်ကရိ (AC) ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ချိန် ယာဉ်သွားလာမှု အဆင်ပြေစေရေးနှင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်