နေပြည်တော်၊ ဧပြီ ၄

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ထားရှိသော ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သုတေသနတွေ့ရှိချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး (ရွှေတောင်) ခြံ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝါသီးနှံပညာရှင်များနှင့် သုတေသီများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ဝါသီးနှံဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာပေး လုပ်ငန်းများ၊ ဝါမျိုးရိုးဗီဇမြှင့်တင်ရေး၊ မျိုးမွေးမြူရေးနှင့် ဝါသီးနှံဇီဝကမ္မဆိုင်ရာ သုတေသန ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင်၍ တစိုက်မတ်မတ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ ဝါသီးနှံ၏ အရည်အသွေးပိုင်းဆိုင်ရာ လက္ခဏာများ မြှင့်တင်ကောင်းမွန်စေရေး၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ၊ မျိုးရွေးချယ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ငန်းများတွင် ဝါတောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ သုတေသီပညာရှင်များနှင့် တောင်သူများ အတူယှဉ်တွဲ လုပ်ကိုင်ဆောင်ရွက်ကြမှသာ ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောင်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဝါသုတေသနစင်တာ (Cotton Recharch Center) တစ်ရပ် ပီပီပြင်ပြင် ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် နေပြည်တော်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများရှိ မြို့နယ် (၅) ခုတွင် ဆောင်ရွက်ထားရှိသော ဝါသီးနှံ (၈) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ခဲ့မှုများနှင့် စမ်းသပ်ကွက်များ၏ တွေ့ရှိချက်များကိုလည်းကောင်း၊ ဝါမျိုးတစ်မျိုးချင်းစီ၏ အရည်အချင်း လက္ခဏာများ၊ အထွက်နှုန်းများနှင့် ဝါသီးနှံတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါများ၏ ခံနိုင်ရည်ရှိမှုကို တောင်သူများလက်တွေ့ လေ့လာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ ဝါဂွမ်းချည်နှင့် ချည်ထွက်ပစ္စည်း အရည်အသွေး ကောင်းမွန်သည့် ဝါမျိုးများ၊ ဒေသရေမြေ ရာသီဥတုနှင့်ကိုက်ညီသည့် အထွက်ကောင်းဝါမျိုးများကို တောင်သူများ ရွေးချယ် စိုက်ပျိုးတတ်စေရေး နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဝါသီးနှံ သုတေသနများနှင့် ဝါသီးနှံ ဇီဝကမ္မဆိုင်ရာ လေ့လာချက်များဆောင်ရွက်ခြင်း၊ ဝါသီးနှံမျိုးမွေးမြူရေး သုတေသီပညာရှင်များကို ဦးစားပေး၍ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး အပါအဝင် ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးပတ်သက်၍ ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ရန်နှင့် တောင်သူများနှင့် ပညာရှင်များ အကြားအလပ် မရှိဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်