နေပြည်တော်၊ ဧပြီ ၄
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန (UN Department of Safety and Security- UNDSS) ၏ အကြီးအကဲ Under-Secretary-General Mr. Gilles Michaud ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Under-Secretary-General Mr. Gilles Michaud က ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ လုပ်ငန်းများ ဆောင်ရွက်ခွင့်တို့နှင့်ပတ်သက်၍ အဓိကဆွေးနွေးသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ အလေးပေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားလာခွင့်နှင့် စပ်လျဉ်း၍ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးသည်။ ထို့အပြင် နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လုံခြုံရေးအကြံပေး Mr. Marco Smoliner တို့ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


