နေပြည်တော်၊ ဧပြီ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံမှ ယာယီချောင်းပိတ်လုပ်ငန်းဖြင့် ဆည်ရေသောက် စနစ်အတွင်းရှိ နွေစပါးစိုက်ဧက (၁၁၀၀၀) ပေးဝေရန် လျာထားချက်အပေါ်တွင် လက်ရှိ (၁၁၀၃၃) ဧက စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက နွေစပါးစိုက်ဧရိယာများ စိုက်ပျိုးရေအဆင်ပြေလုံ လောက်စွာ ရရှိစေရေး အလေးထားဆောင်ရွက်ရန်၊ သီးနှံအထွက်နှုန်း ကျဆင်းမှုမဖြစ်ပေါ်စေရေးအတွက် ပိုးမွှားရောဂါအန္တရာယ် ကာကွယ်ခြင်းနှင့် ပေါင်းမြက်များ နှိမ်နင်းခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန်၊ တောင်သူများ မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် ထွက်ရှိလာသည့် သီးနှံအထွက်နှုန်းများကို မှတ်သား၍ နှိုင်းယှဥ်ဆောင်ရွက်ပြီး တစ်ရာသီထက် တစ်ရာသီ သီးနှံအထွက်တိုးရေး စနစ်တကျ စီမံဆောင်ရွက်ပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာ ကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဖြူးချောင်းရေလှောင်တမံသို့ ရောက်ရှိကြပြီး နှစ်အလိုက် ဆည်ရေသောက်စနစ် ဆောင်ရွက်ပြီးစီးမှု၊ ဖြူချောင်း ရေလွှဲဆည် Rubber Dam ရှိ လေအိတ်များကို ရေမြှင့်ရေတံခါး (Stop Log) များနှင့် လဲလှယ်တပ်ဆင်ဆောင်ရွက်နိုင်ရေး စီမံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဖြူးချောင်းရေလှောင်တမံမှ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးလျာထားဧက (၁၇၀၀၀) ကျော်ကို လက်ရှိဆောင်ရွက်ပြီးစီးသော ရေသောက်စနစ်မှ ရေပေးဝေဆောင်ရွက်လျက်ရှိပြီး မိုးစပါး၊ ပဲသီးနှံနှင့် နွေစပါးသုံးသီးစိုက်ဧက (၅၀၀၀) ခန့်ကို အကျိုးပြုလျက်ရှိကြောင်း၊ ဖြူးချောင်းရေလှောင်တမံအတွင်း ဆည်ရေ သိုလှောင်ထားရှိမှုအရ သုံးသီးစိုက်ဧက တိုးတက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နှစ်အလိုက်ရရှိသော ဘဏ္ဍာရန်ပုံငွေများဖြင့် ရေသောက်စနစ်တူးဖေါ်ခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်သည့် ဧရိယာများတွင် သီးနှံအလိုက် စိုက်ပျိုးဧကတိုးတက်ရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဖြူးချောင်းရေလှောင်တမံ ရေသောက်စနစ်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် လက်ဝဲတူးမြောင်းမကြီး (LMC) တူးမြောင်း ဖောက်လုပ်မှု မြေကြီးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဒီဇိုင်းပုံစံကျ ဆောင်ရွက်နိုင်ရေး၊ အရည်အသွေးပြည့်မီစွာ တည်ဆောက်နိုင်ရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်