နေပြည်တော် ၊ ဧပြီ ၄
ပြည်ပသို့ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေး တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် ပညာတော်သင် ၀န်ထမ်းများ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီးက ယခုကဲ့သို့ အတွေ့အကြုံနှင့် အသိပညာများ ပြန်လည်မျှဝေခြင်းဖြင့် ပါဝင်တက်ရောက်ခဲ့သူကိုယ်တိုင်သာမက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဗဟုသုတများ ပြန့်ပွားစေရေး ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ကြီးဌာန၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို အထောက်အပံ့ကောင်း ဖြစ်စေကြောင်း၊ ပြည်ပနိုင်ငံများမှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် နည်းပညာအသစ်များအား မိမိတို့လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချနိုင်ရေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်မှုပိုမို အားကောင်းလာစေရေး ကြိုးပမ်းကြစေလိုကြောင်းပြောကြားသည်။
အတွေ့အကြုံရှင်းလင်းပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည့် အရှေ့တောင် အာရှနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တိရိစ္ဆာန် ခွာနာလျှာနာရောဂါဆိုင်ရာ ဓာတ်ခွဲခန်းများ အစည်းအဝေး၊ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက်အာဆီယံ ပင်လယ်ရေကြောင်း ဖိုရမ်နှင့် (၁၀) ကြိမ်မြောက် အာဆီယံ ရေကြောင်းတိုးချဲ့ဖိုရမ်၊ မလေးရှားနိုင်ငံ တိုင်ပင်မြို့၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှတိရိစ္ဆာန် ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံးညီလာခံ၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အရှေ့တောင် အာရှဒေသတွင် တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်နိုင်ရန်အတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် နိုင်ငံအဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းအပြီးသတ် အလုပ်ရုံဆွေးနွေးပွဲ၊ Google Earth Engine ကို အသုံးပြု၍ သမုဒ္ဒရာအတွင်းရှိ အချက်အလက်များ ကောက်ယူရေးဆွဲခြင်းဆိုင်ရာ ဒေသတွင်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတို့တွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များနှင့် ပညာတော်သင်၀န်ထမ်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြရာ ဒုတိယ၀န်ကြီး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်လာသူများက ဝိုင်း၀န်းဆွေးနွေးသုံးသပ်ခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးပွဲကောက်နုတ်ချက်များ၊ သုံးသပ်ချက်များနှင့် ရလဒ်များအား လယ်ယာသားငါး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လက်တွေ့ အသုံးချနိုင်ရေး ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


