နေပြည်တော်၊ ဧပြီ ၄
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ကဏ္ဍနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီက နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁) ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ တိုးပွားစေရေးတို့အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ လှုပ်ရှားမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် ရေးဆွဲထားသော စီမံချက်မူကြမ်းတွင်ပါဝင်သည့် အချက်များဖြစ်သည့် လူငယ် စကားဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ အားကစားပြိုင်ပွဲများနှင့် အားကစားသင်တန်းများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ မြန်မာနိုင်ငံ ပထဝီအချက်အလက်များဆိုင်ရာ အမေး/အဖြေပြိုင်ပွဲများ၊ ဒေသတွင်းလေ့လာရေးခရီးစဉ်များနှင့် စုပေါင်းလုပ်အားပေးအစီအစဉ်များ၊ အသိပညာဗဟုသုတများ တိုးတက်စေရေးအတွက် အထောက်အကူပြုမည့် သင်တန်းများ၊ သင်တန်းဖွင့်လှစ်မည့်ကာလနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ၊ အသက်အုပ်စုသတ်မှတ်ခြင်းများနှင့်ပတ်သက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မီဒီယာပိုင်းသည် အရေးကြီးပြီး အဓိကအခန်းကဏ္ဍအဖြစ် လိုအပ်သည့်အတွက် သတင်းပြန်ကြားခြင်းသာမက လှုံဆော်စည်းရုံးခြင်းများပါ ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မှသာ ကျောင်းသားလူငယ်များ စိတ်ပါဝင်စားလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် လူငယ်ကဏ္ဍတိုးတက်စေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းများတွင်ဖွင့်လှစ်သည့်ကာလ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ပေါ့ပါးပျော်ရွှင်စေရန် ဖျော်ဖြေရေးအစီအစဉ်များကို အနုပညာရှင်များနှင့်ပေါင်းစပ်ပြီး လူငယ်ကဏ္ဍဖွံဖြိုး တိုးတက်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နွေရာသီ ကျောင်းပိတ်ရက်ကာလ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားချက်များအရ သင်တန်းကာလအား အနည်းငယ်ပြောင်းလဲ ပြင်ဆင်လိုက်ပါက ကျောင်းသားလူငယ်များ ကျောင်းတက်ရန် ပြင်ဆင်ချိန်များရပြီး သင်တန်းတွင်လည်း အပြည့်အဝ စိတ်ပါဝင်စားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ကျောင်းသားလူငယ်များနှင့် နွေးထွေးမှုရှိပြီး တစ်သားတည်းဖြစ်ရန်လိုကြောင်း၊ IT နည်းပညာကို သိသာပေါ်လွင် ထင်ရှားစေရန် ဉာဏ်စမ်းပဟေဠိအစီအစဉ်များကို IT နည်းပညာနှင့်ပြုလုပ်နိုင်အောင် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် ကြက်ခြေနီသင်တန်းများကို ကျောင်းများတွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ အသက်အရွယ်အလိုက် နေထိုင်မှုပုံစံများကို လူငယ်များသိရှိစေရန် သင်တန်းများတွင် ထည့်သွင်းပို့ချစေလိုကြောင်း၊ ၎င်းသင်တန်းများ တက်ရောက်ထားခြင်းဖြင့် လူရည်ချွန်စာမေး ပွဲဖြေဆိုရာတွင် အထောက်အကူပြုနိုင်မည့်အချက် ဖြစ်သည်ကို လူငယ်များအား သိရှိထားစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခြင်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက်စေလိုကြောင်း၊ ထို့မှသာကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက အသီးသီး ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လိုအပ်သည်များကို ပြန်လည်ပြင်ဆင်၍ စီမံချက်ရေးဆွဲပြီး ပြန်လည်ပေးပို့ဖြန့် ဝေပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်


