နေပြည်တော် ၂၆ ဖေဖော်ဝါရီ
မောင်တောမြို့၌ မူးယစ်ဆေးဝါး သုံးစွဲနေသူနှစ်ဦးနှင့် ၎င်းတို့၏ အပေါင်းပါ နှစ်ဦးအား စိတ်ကြွဆေးပြား ၂၅ ပြား၊ ငွေကျပ် ၂၄ သိန်းကျော်နှင့် လက်ကျန်ငွေကျပ် သိန်း ၅၀ ကျော်ရှိသည့် ဘဏ်စာအုပ်တစ်အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီခန့်တွင် မောင်တောမြို့ (၄)မိုင်ရပ်ကွက်၊ မကျီးချောင်း၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်း၌ မူးယစ်ဆေးဝါးသုံးစွဲနေသော ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်နေ မြင့်စိုး (ခ) ခိုင်ကျော်မင်း၊ မောင်တောမြို့ (၆) မိုင်ရပ်ကွက်နေ ထွန်းထွန်းကျော် (ခ) အောင်ကျော်သိန်းတို့အား လည်းကောင်း၊ မောင်တောယာဉ်အနီးတွင် ၎င်းတို့နှင့်အတူ ပါလာသော မောင်တောမြို့ (၄)ရပ်ကွက်နေ ဇော်ဆီတိနှင့် ကျန်သိန်းဝေတို့အားလည်းကောင်း တွေ့ရှိကာ စိတ်ကြွဆေးပြား ၂၅ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ငွေကျပ် ၂၄ သိန်း ၆ သောင်း၊ မြင့်စိုးအမည်ပါ ဘဏ်ငွေစု စာအုပ်တစ်အုပ် (လက်ကျန်ငွေကျပ် ၅၁ သိန်းကျော်)တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများမှာ မောင်တောမြို့နယ် ဝေသာလီကျေးရွာနေ မောင်အဝင်းချေ၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် မောင်အဝင်းချေ၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းမှာ ရှောင်တိမ်းနေပြီး မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း၊ တိမ်းရှောင်တရားခံ မောင်အဝင်းချေနှင့် မြင့်စိုး (ခ) ခိုင်ကျော်မင်းတို့ အပါအဝင် လေးဦးအား အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့သည် မူးယစ်ဆေးဝါး သယ်ဆောင်၊ ရောင်းဝယ်၊ သုံးစွဲမှုများတွင် ဆက်စပ်လုပ်ကိုင်နေသူများဟု ယူဆရကြောင်း၊ ဖမ်းဆီးရမိ ထွန်းထွန်းကျော် (ခ) အောင်ကျော်သိန်းမှာ မောင်တောမြို့မရဲစခန်းမှ ကွင်းဆက် တရားခံပြေးတစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)