နေပြည်တော် ၂၆ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် အသက်ဝင်ရေးအတွက် အတည်ပြုကြောင်း အသိပေးအကြောင်းကြားစာကို စာချုပ်ဝင် နိုင်ငံအားလုံးသို့ ပေးပို့ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအနေဖြင့် စာချုပ်အသက်ဝင်ကြောင်း အသိပေး အကြောင်းကြား နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှစ၍ သဘောတူစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဘာသာရပ်ဆိုင်ရာဌာနများနှင့် အစည်းအဝေးများ ကျင်းပပြီး အဆင်သင့်ဖြစ်မှု အနေအထားကို မေးမြန်းခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာနမှ အချိန် (၃)လခန့် လိုအပ်ကြောင်းနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ အချိန် (၆) လခန့် လိုအပ်ကြောင်း အကြောင်းပြန်ကြားထားသည့်အတွက် အဆိုပါ ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို ဘာသာရပ်ဆိုင်ရာဌာနများ၏ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည့် အချိန်ကာလနှင့် ချိန်ညှိ၍ အတည်ပြုကြောင်း အသိပေးအကြောင်းကြားစာကို ပေးပို့နိုင်ရန် ပြည်တွင်း လုပ်ထုံးလုပ်နည်းများကို ၂၀၁၉ ခုနှစ် ပထမသုံး လပတ်အတွင်း ပြီးစီးနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
စာချုပ်အသက်ဝင်ပြီးပါက စာချုပ်ဝင်နိုင်ငံများအကြား နိုင်ငံ ၁၀ နိုင်ငံ စုစည်းထားသည့် ဈေးကွက်တစ်ခုဖြစ်သည့် အာဆီယံနှင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော ဟောင်ကောင်(တရုတ်) တို့အကြား စီးပွားရေး ဆက်သွယ်မှုများကို ပိုမိုခိုင်မာစေမည့် စာချုပ်တစ်ခုဖြစ်သည့်အတွက် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်သည့်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဟောင်ကောင် (တရုတ်)တို့အကြား ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတို့တွင် အကျိုးကျေးဇူးများ ရရှိစေနိုင်မည့်အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံနှင့် ဟောင်ကောင်(တရုတ်) တို့အကြား အပြန်အလှန်ကုန်သွယ်မှုများ ပိုမိုတိုးတက်လာစေနိုင်ပြီး မြန်မာနိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် အကျိုးကျေးဇူးများ ရရှိစေနိုင်မည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အာဆီယံ-ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အသက်ဝင်နိုင်ရေးအတွက် အတည်ပြုကြောင်း အကြောင်းကြားစာကို စာချုပ်ဝင်နိုင်ငံများအားလုံးသို့ ပေးပို့နိုင်ရေးအတွက် လွှတ်တော်သို့ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဆက်အောင်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား အတည်ပြုရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အာဏာသက်ဝင်စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အတည်ပြုကြောင်း အကြားကြားစာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အတည်ပြုကြောင်း ပြန်ကြားရမည့် အဆိုပါစာချုပ်နှင့် ပတ်သက်သည့် ကိစ္စရပ်များသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁(က) ဇယား၁ အပိုဒ် ၈ ပါ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် သဘောတူညီချက်များ၊ ဒေသဆိုင်ရာစာချုပ်များနှင့် သဘောတူညီချက်များဆိုင်ရာ ကိစ္စရပ်နှင့် အကျုံးဝင်သဖြင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရမည်ဖြစ်ပါကြောင်း။
သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ လိုက်ပါဆောင်ရွက်နိုင်ရန် အာဆီယံ-ဟောင်ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အာဏာသက်ဝင်စေရေးအတွက် ပြည်တွင်း လုပ်ထုံးလုပ်နည်းများ ပြီးစီးပြီဖြစ်သောကြောင့် အတည်ပြုကြောင်း အကြောင်းကြားစာအား အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရန်အတွက် အာဆီယံ-ဟောင်ကောင်(တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်အား လွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော စားသုံးသူကာကွယ်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)