နေပြည်တော်၊ ဧပြီ ၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးရာ သက်ဆိုင်ရာ ပစ္စည်းစီမံရေးဌာန တာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဓာတ်အား ထုတ်လုပ်/ ပို့လွှတ်/ ဖြန့်ဖြူးရေးအတွက် ဝယ်ယူဖြည့်တင်းသော ပစ္စည်းများ အလေအလွင့်မရှိအောင် ထားသိုထိန်းသိမ်း/ သုံးစွဲသွားရမည် ဖြစ်ပါကြောင်း၊ နှစ်စဉ်စီမံကိန်းလုပ်ငန်းများအရ လိုအပ်ချက်ကို လက်ကျန်စာရင်းများဖြင့်စိစစ်ပြီး စနစ်တကျ ဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲခြင်းဖြင့် နိုင်ငံဘဏ္ဍာချွေတာရာ ရောက်ပါကြောင်း၊ ထို့ကြောင့် ပစ္စည်းများ ရရှိ/ ထုတ်ပေး/ သုံးစွဲ/ လက်ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်းရေးသွင်းထားရှိကြရန် လိုအပ်ပါကြောင်း၊ အသုံးမလို ပိုလျှံပစ္စည်းများ၊ သက်တမ်းကျော်လွန်သုံးစွဲခဲ့သည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန် အခြားလိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ စီမံကိန်းမန်နေဂျာရုံး (၂) (မိတ္ထီလာ) သို့ရောက်ရှိပြီး ပစ္စည်းများသိုလှောင်ထိန်းသိမ်းထားရှိမှုကို ကြည့်ရှု့ စစ်ဆေး၍ မီးဘေးလုံခြုံရေးအတွက် ဂိုဒေါင်နှင့် ရုံးခန်းများတွင် သက်တမ်းရှိသည့်မီးသတ်ဆေးဗူးများ ထားရှိရန်၊ နှစ်ချုပ်လက်ကျန် စာရင်းကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူ သုံးစွဲထားသော ပစ္စည်းများ အချိန်မီ စာရင်းဖြောင့်ရှင်းလင်းရန် တို့ကိုမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းမန်နေဂျာက လုပ်ငန်းများဆောင်ရွက်တိုးတက်မှု အခြေအနေကိုရှင်းလင်တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ဓာတ်အားထိန်းချုပ် ခန်းအတွင်းနှင့် Switch Yard(ဆွိယာဒ်)အတွင်း စက်ပစ္စည်းများတပ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်