နေပြည်တော်၊ ဧပြီ ၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သီလဝါအထူးစီးပွား‌ရေးဇုန်၊ Promotion Zone ရှိ ကိုးရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် Yojin Myanmar Cement Co., Ltd ၏ ဘိလပ်မြေစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက ထုတ်လုပ်ပြီး ဘိလပ်မြေများကို ပြည်တွင်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းဖူလုံအောင်နှင့် ဈေးနှုန်းတည်ငြိမ်စေရေး ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ သတ်မှတ်အရည်အသွေး ပြည့်မီစေရေးဆောင်ရွက်ရန်၊ ပင်လယ်ဆားငံရည် ခံနိုင်သည့် Slag Cement ထုတ်လုပ်ရာတွင် လိုအပ်သော Slag ကုန်ကြမ်းများကို ပြည်တွင်းမှရရှိရေး ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် Enviormental Impact Assessment (EIA) နှင့်အညီ ဆောင်ရွက်ရန်၊ အလုပ်သမားဝန်ကြီးဌာန၏ ဥပဒေနှင့်အညီ အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး စက်ရုံအတွင်း ဘိလပ်မြေထုတ်လုပ်နေမှု လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်၊ Free Zone ရှိ သီရိလင်္ကာနိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Guston Amava Ltd. ၏ အထည်ချုပ်စက်ရုံ (CMP) သို့‌ ရောက်ရှိရာ တာဝန်ရှိသူများက ချုပ်ပြီးအထည်များ ပြည်ပသို့ ဖြန့်ဖြူးရောင်းချတင်ပို့နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း ကုန်ကြမ်းများထားသိုမှု၊ Automatic Cutting ဆောင်ရွက်နေမှု၊ အရည်အသွေးစစ်ဆေးနေမှု၊ ထုတ်ပိုးနေမှု၊ ချုပ်ပြီးအထည်များ သိုလှောင်ထားရှိမှု၊ ဝန်ထမ်းများ၏ စားသောက်ဆောင်နှင့် ကျန်းမာရေးဆေးပေးခန်း စီစဉ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်း‌နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Wilmar Co.,Ltd ၏ ဆန်စက်နှင့် ဖွဲနုဆီစက်သို့ ရောက်ရှိပြီး တာဝန်ရှိသူများက ပြည်တွင်းသုံးစွဲရန် ဖြန့်ဖြူးပေးနေမှု၊ ပြည်ပသို့ တင်ပို့ရောင်းချရန် ကြိတ်ခွဲ ထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်းကြိတ်ခွဲ ထုတ်လုပ်နေမှု အဆင့်ဆင့်နှင့် အိတ်သွပ်ထုတ်ပိုးခြင်း၊ စားသုံးဆီဘူးသွပ်သွင်းမှု၊ ဖွဲနုဆီထုတ်လုပ်မှု လုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးကာ ဖွဲနုဆီကို စားသုံးရန်အသင့်ထုတ်လုပ်နိုင်စေရေးအတွက် Refinery စက်များဖြင့် အရည်အသွေးမြှင့်တင်ရန်၊ ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ ပုဂ္ဂလိကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Wilmar ဆိပ်ကမ်း၌ MV Si Chou Zhi Lu သင်္ဘောဖြင့် သယ်ယူလာသည့် စားအုန်းဆီရောက်ရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ဆူးလေဆိပ်ကမ်း၌ အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် MV. MANTA HERTIC သင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၆၆၀၀ သင်္ဘောတင်နေမှုကိုလည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း(Myanmar Industrial Port-MIP) ၌ အိန္ဒိယနိုင်ငံသို့ တင်ပို့ရန်နှင့် MV. SEIYO HARMONY သင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၉၅၀၀ သင်္ဘောတင်နေမှုကိုလည်းကောင်း၊ စပိန်နိုင်ငံသို့ တင်ပို့မည့် MV. TURANC သင်္ဘောပေါ်သို့ ဆန်တန်ချိန် ၁၂၀၀၀ သင်္ဘောတင်နေမှုကိုလည်းကောင်း၊ Adani ဆိပ်ကမ်း၌ ဗီယက်နမ်နိုင်ငံသို့ တင်ပို့မည့် MV. Dorg An သင်္ဘောဖြင့် ပြောင်းတန်ချိန် ၆၆၀၀ သင်္ဘောတင်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ တင်ပို့ရာတွင် ဝယ်ယူသည့်နိုင်ငံမှ သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းအတိုင်း တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ တင်ပို့သည့်နိုင်ငံများ ဈေးကွက်မပျောက်စေရေး ထိန်းသိမ်းရန်နှင့် ဈေးကွက်အသစ်နိုင်ငံများရရှိရေး ကြိုးစားဆောင်ရွက်ရန်၊ ပြောင်းစေ့အား တိရစ္ဆာန်အစားအစာအဖြစ် ပြောင်းလဲထုတ်လုပ်တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ သင်္ဘောများ အချိန်မီရရှိရေးနှင့် တင်ပို့ကုန်စည်များကို သင်္ဘောပေါ်အချိန်မီတင်နိုင်ရေး၊ ကုန်စည်များ အချိန်အခါမဟုတ် ရွာသွန်းသည့် မိုးဒဏ်မထိခိုက်စေရေး စီမံဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန်တို့ ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်