နေပြည်တော်၊ ဧပြီ ၅

ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးတက်ထုတ်လုပ်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အစီအမံများ နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒေါက်တာချာလီသန်း၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ရာသီအလိုက် နယ်မြေဒေသအလိုက် တိုးတက်စိုက်ပျိုးနေသော်လည်း ပြည်တွင်းစားသုံးဆီအတွက် ဆီဖူလုံမှုမရှိခြင်းကြောင့် ပြည်ပမှ တစ်နှစ်လျင် စားအုန်းဆီတန်ချိန် (၆) သိန်းခန့် တင်သွင်းနေရသဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်၌ ပြည်တွင်းစားသုံးမှုအတွက် ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်းလျက်ရှိကြောင်း။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဆီထုတ် ပဲပုတ် စသည့်ဆီထွက်သီးနှံများအား ရေမြေ၊ ရာသီဥတု အခြေအနေပေးသည့် ဒေသများတွင် အထူးဇုန် (၇) ခု သတ်မှတ်ပြီး အထူးအရာရှိများ တာဝန်ပေးအပ်၍ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နေသကဲ့သို့ ပုံမှန်စိုက်ပျိုးလျက်ရှိသော ဒေသများတွင်လည်း ယခင်နှစ်ပျမ်းမျှ အထွက်နှုန်းထက် မလျော့ကျစေရန် တိုက်တွန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်ခွဲမည့် ဇုန်သတ်မှတ်နိုင်ရေး၊ ကြိတ်ခွဲမည့် ပမာဏ လျာထားမှုများ အပါအဝင် ပံ့ပိုးလုပ်ဆောင်နိုင်ရန်၊ ဆီထွက်သီးနှံများ လုံးဆန်အဖြစ် Export ဆောင်ရွက်မှု၊ စက်မှုကုန်ထုတ်လုပ်ငန်းသုံးရန် စားအုန်းဆီ လိုအပ်ချက်အရ ပြည်တွင်းထုတ်လုပ်မှု ပမာဏအပေါ်မူတည်၍ အမှန်တင်သွင်းရမည့် ပမာဏ၊ ရောနှောဆီအတွက် တင်သွင်းရန် စားအုန်းဆီပမာဏ၊ ပြည်တွင်းဆီ ကြိတ်ခွဲနိုင်ရန် လုံလောက်သည့် ပမာဏကို ဆီစက်များသို့ မရောက်မီ ပြည်ပတင်ပို့ခွင့်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ က ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ၂ဝ၂၄ ခုနှစ်၊ မတ်လအထိ မှတ်ပုံတင်ထားသော ဆီစက်များနှင့် ဆီစက်များ၏ လည်ပတ်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ပြည်တွင်းဆီစက်များတွင် အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီ ဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၌ ချေးငွေရယူထားသူများအနေဖြင့် သီးခြားအာမခံတင်သွင်းနိုင်ပါက ဆီစက်ချေးငွေ လျှောက်ထားနိုင်မှု ပြည်တွင်းရှိ ဆီစက်များ၏ အရည်အသွေးမီစွာ ထုတ်လုပ်နိုင်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် အရောင်၊ အနံ့နှင့် အရသာပြည့်စုံသည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ဆီထွက်သီးနှံတင်ပို့ ရောင်းချမှု၊ စားအုန်းဆီ တင်သွင်းမှုနှင့် တင်သွင်းတင်ပို့မှု ကြီးကြပ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံများကို အထူးဇုန်ဧရိယာများသတ်မှတ်ဆောင်ရွက်ခြင်းဖြင့် သီးနှံအလိုက် ထွက်ရှိနိုင်မှုနှင့် စားသုံးဆီ ဖူလုံနိုင်မည့်အခြေအနေ၊ ပြည်တွင်းဆီထွက်သီးနှံများမှ ထုတ်လုပ်သည့် ဆီဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရရှိစေရေး ဆောင်ရွက်ရန်လိုအပ်မည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

အစည်းအဝေးတွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဆီထွက်သီးနှံများ အထွက်နှုန်း တိုးတက်ရေး၊ ပြည်ပလုံးဆန်တင်ပို့မှု၊ စားအုန်းဆီလိုအပ်ချက်နှင့် တင်သွင်းမှုလျော့ချရေး၊ ဆီစက်များအပြည့်အဝ လည်ပတ်ရေးအတွက် ကုန်ကြမ်းရရှိရေးနှင့် စားအုန်းဆီ အရည်အသွေး ပြည့်မီရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေး၊ ဆီစက်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူတောင်သူ လယ်သမားများ ပူးပေါင်းဆောင်ရွက်သည့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖြစ်ပေါ်ရေး ဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

mdn