နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်‌ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး                                                  

နေပြည်တော်၊ ဧပြီ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်(ကြာသပတေးနေ့) ၀၀၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပူဇော်ထားရှိပြီး အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများအား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

mdn


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းဝင်းအတွင်း၌ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပမည့် နေရာသို့ပင့်ဆောင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆရာတော်ကြီး၏ သမိုင်းဝင်ဓါတ်ပုံများ ပြခန်းကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကိုလို အပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မ ကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူသည့် မိုင်းဖုန်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာ စရိယ ဘဒ္ဒန္တ ဉာဏသံဝရ တို့အားဖူးမြော်ကြည်ညိုရာ ဆရာတော်ကြီးများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား  ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နဂါးနှစ်ကောင် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆရာတော်ကြီး၏ အသုံးအဆောင်များပစ္စည်းများအား ပြန်လည်စုဆောင်းပြုစု၍ ပြခန်းအဖြစ် ပြသထားရှိနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများအား လျှောက်ထားတင်ပြကာ ဆရာတော်ကြီးများထံမှဩဝါဒ ခံယူသည်။

 

mdn


ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကောင်စီတွဲဖက်အတွင်းရေး မှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများသည် ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး တို့သည် ဆရာတော်ဘုရားကြီး၏ဥတုဇရုပ်ကလပ်တော်အား ဖူးမြော် ကြည်ညိုကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပန ကျင်းပတော်မူမည့်နေရာသို့ ရောက်ရှိကာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော် အားပင့်ဆောင်ပူဇော်မည့် လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာမှုရှိအောင် ဆောင်ရွက်ထားရှိရန်၊ ယာဉ်သွားလာမှုများ စနစ်တကျဖြစ်စေရန်၊ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၏ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန်၊ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။

 

mdn


အဆိုပါ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး အလောင်းလျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်းတို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မရံသီကို ဥပဇ္ဇျယ်ပြု၍ ရှင်သာမဏေအဖြစ်သို့လည်းကောင်း၊ ၁၃၁၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့လည်းကောင်း အသီးသီးရောက်ရှိတော်မူခဲ့ကြောင်း၊ သက်တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာ မူလတန်းပညာသင်ယူတော်မူခဲ့ပြီး ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်းဘာသာဖြင့် မူလဓမ္မာစရိယတန်း အောင်မြင်သည်အထိ ပညာသင်ယူ ဆည်းပူးတော်မူခဲ့ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင်ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင်ထားရှိကြောင်း၊ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေများအား အစိုးရပါဠိ ပထမပြန်မူအတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းများကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် ၅၀ တိုင် ကျင်းပပေးခဲ့ကြောင်း၊ ၁၃၅၅ နှစ်မှစတင်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက်အက္ခရာတင်ပြီး တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုးကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် တာချီလိတ်မြို့ အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင် ဖွင့်လှစ်၍ လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုအဆောက်အဦများ ဆောက်လုပ်လှူဒါန်းပေးခြင်းများ စသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော် မူခဲ့ကြောင်း၊ ဆရာတော်ကြီး၏ သက်တမ်းတစ်လျှောက် ထိုကဲ့သို့သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရကြောင်း၊ ဆရာတော်ကြီးသည် သက်တော် ၉၆၊  ဝါတော် ၇၇ ဝါ အရောက် သာသနာတော်ထွန်း ကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်တော်မူလျက်ရှိစဉ် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား ဧပြီလ ၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

mdn