နေပြည်တော် ဧပြီ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ညွှန်ကြားရေးမှူးချုပ် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများနေထိုင်ရာ ဝန်ထမ်းအိမ်ရာများ တွင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး ဆောင်ရွက်ထားရှိမှုနှင့် စည်းကမ်းများနှင့်အညီ နေထိုင်ခြင်း ရှိ/မရှိတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တိုက်တာဝန်ခံများ၊ နေထိုင်သူ ဝန်ထမ်း မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ဝန်ထမ်းအိမ်ရာများကို နိုင်ငံတော်မှ အဆင့် အတန်းမြင့်မြင့် နေထိုင်နိုင်ရေးရည်ရွယ်ပြီး ဆောက်လုပ်ပေးထားခြင်းဖြစ်၍ ဖြစ်သလို နေထိုင်ခြင်းမပြုဘဲ အမှိုက်စွန့်ပစ်ခြင်း၊ သန့်ရှင်းရေးတို့ကို စနစ်တကျ ဆောင်ရွက်ရေး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် နေထိုင်မှုစည်းကမ်း ချက်များနှင့်အညီ လိုက်နာနေထိုင်ရေး၊ အိမ်ရာများတွင် မသက်ဆိုင်သူများ လာရောက် တည်းခိုနေထိုင်ခြင်း မရှိစေရေးနှင့် ဧည့်သည်များ လာရောက်တည်းခိုပါက ဧည့်စာရင်း တိုင်ကြားရေး တာဝန်ရှိသူများက အထူးကြပ်မတ် ဆောင်ရွက်ရေး၊ သဘာဝဘေးဒဏ်နှင့် နှစ်ကာလကြာမြင့်ခြင်းများကြောင့် ပျက်စီးယိုယွင်းမှုများရှိ၍ အကြီးစားပြင်ဆင်ရန် လိုအပ်ပါက သတင်းပို့တင်ပြရေးနှင့် နိုင်ငံတော်ပိုင်အိမ်ရာ / အဆောင်များဖြစ်၍ ရေရှည်တည်တံ့ ခိုင်မြဲအောင်ဆောင်ရွက်ရေး၊ တိုက်(၃၃၁၈)တိုက်မျက်နှာစာ အများပိုင်ဧရိယာ၌ ဈေးဆိုင်ဆောက်လုပ်၍ ရောင်းချခြင်း အဖီချခြင်းများ ပြုလုပ်ထားသဖြင့် ဖျက်သိမ်းရန်နှင့် နေထိုင်သည့် ဝန်ထမ်းမိသားစုများသည် အချင်းချင်းစည်းလုံး ညီညွှတ်စွာဖြင့် အိမ်ရာ အတွင်း/အပြင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးများအား ပူးပေါင်းဆောင်ရွက် ရေးမှာကြားသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယခင်အပါတ် စစ်ဆေးခဲ့စဉ်က မှာကြားခဲ့သည့် အိမ်ရာဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး ဆောင်ရွက်ထားရှိမှုနှင့် ခုတ်ထွင်ရှင်းလင်းထားသည့် သစ်ပင်ချုံနွယ်များ၏ အကိုင်းအခက်များကို မော်တော်ယာဉ်ဖြင့် သယ်ယူ၍ စနစ်တကျစွန့်ပစ်နေမှု၊ ရာသီသီးနှံစိုက်ပျိုး ထားရှိမှု၊ တိုက်အမှတ်(၃၃၇၈)အိမ်ရာဝင်း၌ ဝါးဖြင့်ပြုလုပ်ထားသော အမြင်မတင့်တယ်သည့် ခြံစည်းရိုးအား ဖျက်သိမ်းပြီး ကျောက်တိုင်၊ ချိန်းလိတ်တို့ဖြင့် သပ်ရပ်စွာ ခြံစည်းရိုးကာရံ နေခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အိမ်ရာတွင် နေထိုင်သူဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်