နေပြည်တော် ဧပြီ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယနေ့နံနက်ပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသော ဈေးကွက် ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များတွင် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်နှင့် အာဟာရပြည့်ဝသော အသားထုတ်လုပ်မှု တိုးတက်လာစေရန် မွေးမြူရေးကျေးရွာများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် အဆင်ပြေချောမွေ့ စေရန်၊ မွေးမြူသူများအတွက် အကောင်းဆုံး အကျိုးအမြတ် ရရှိနိုင်စေရန် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စောင့်ကြည့်လေ့လာသုံးသပ်ခြင်းကို မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့က ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူအားလုံးတို့က ကျရာအခန်းကဏ္ဍများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး တိုင်းတာဝန်ခံ က နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး ကဏ္ဍ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဌာနများမှ ကူညီပံ့ပိုးမည့် အစီအစဉ်များကိုဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ ထို့နောက် တက်ရောက်လာကြသည့် မွေးမြူရေးတောင်သူများ က မွေးမြူရေး လုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီး က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ်၊ ကန်စွန်းခင်းရွာ၊ မွေးမြူရေးတောင်သူ ဦးမြင့်ထူး ၏ အသားစားကြက်ကောင်ရေ (၅၀၀၀)မွေးမြူထားရှိမှု၊ လယ်ဝေးမြို့ နယ်၊ ရသေ့တောင်ကျေးရွာ၊ မွေးမြူရေးတောင်သူ ဦးမျိုးသူရ ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူထားသည့် အသားတိုးကြက်ကောင်ရေ(၆၀၀၀)နှင့် အသားတိုးဝက် မွေးမြူထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဘက်စုံစိုက်ပျိုး မွေးမြူရေး စနစ်ကို ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍနှစ်ရပ်မှ ဝင်ငွေတိုးတက် ခံစားရနိုင်မှု အခြေအနေ၊ လယ်ယာဘေးထွက် ပစ္စည်းများမှ တိရစ္ဆာန်အစာ ဖြည့်ဆည်းပေးနိုင်မှု နှင့်  တိရစ္ဆာန် အညစ်အကြေးမှ သဘာဝ မြေဩဇာအဖြစ် အသုံးပြုမှုများ ပါဝင်သည့် လှည့်ပတ်သုံးစွဲ နည်းစနစ်ကို ပီပြင်စွာ ဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ အသား ထုတ်လုပ်မှုကဏ္ဍ တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ်များစွာ တည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေး ထွက်ကုန်များ ပြည်တွင်း စားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးဆိုင်ရာများကို သက်ဆိုင်ရာ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်