နေပြည်တော် ဧပြီ ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ ကျောင်းသား ကျောင်းသူများ နေထိုင်ရန် ဆောက်လုပ်လျက်ရှိသော (၆)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
အဆိုပါအဆောက်အဦကို (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်မှစတင်ကာ ငွေကျပ်သန်း (၂၈၅၀) အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆုံးထပ်တွင်ရုံးခန်း၊ ဧည့်ခန်းများပါဝင်ကာ အခန်းပေါင်း (၁၉၂)ခန်းရှိသဖြင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၈၄)ဦးအထိ နေထိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးဝါးတက္ကသိုလ်-ရန်ကုန်သို့ သွားရောက်ကာ စာသင်ခန်းများနှင့် နိုင်ငံတော်အစိုးရ၏ အထူးရန်ပုံငွေဖြင့် ဆောက်လုပ်ရန် လျာထားသော အဆောက်အဦသစ်မြေနေရာကို လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးအတွက် အဆောင်များလည်း တိုးချဲ့တည်ဆောက်ပေးလျက်ရှိရာ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီ ပြီးစီးစေရေး ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး အသစ်တည်ဆောက်ပြီးစီးထားသည့် Operation Theatre Complex (၄)ထပ်ဆောင်သို့ သွားရောက်ကာ ခေါင်မိုးထပ်ရှိ Roof slab ဆောင်ရွက်နေမှု ၊ တတိယထပ်ရှိ ခွဲစိတ်ခန်းများ အပြီးသတ် လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေနှင့် ဒုတိယထပ်ရှိ ခွဲစိတ်ခန်းများ၏ လုပ်ငန်းဆောင်ရွက် နေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုကာ အရည်အသွေးပြည့်မီစွာနှင့် လုပ်ငန်းများ အမြန် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
အဆိုပါ Operation Theatre Complex (၄)ထပ်ဆောင်သစ်၏ မြေညီထပ်တွင် ကာကွယ် ဆေးထိုးခန်းနှင့် ဆေးစစ်ဆေးသည့်အခန်းများ၊ ပထမထပ်တွင် အထူးကြပ်မတ်ကုသခန်းများ၊ ဒုတိယထပ်တွင် ခေတ်မီ Modular Operation Theatre ခွဲစိတ်ခန်း (၆)ခန်းနှင့် တတိယထပ်တွင် ခေတ်မီ ခွဲစိတ်ခန်း (၅)ခန်းတို့ ပါဝင်ကာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ဒုတိယထပ်အထိ ဖွင့်လှစ်၍ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တတိယ ထပ်ရှိ ခွဲစိတ်ခန်းများပြီးစီးပါက ခွဲစိတ်ခန်း စုစုပေါင်း (၁၁)ခန်းအထိ ဖွင့်လှစ်ကာ ခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင်အဖွဲ့သည် အစည်းအဝေးခန်းမတွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခချုပ်နှင့် သင်ကြားရေးဆိုင်ရာပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ပညာရေး၊ ကျန်းမာရေး ကဏ္ဍကို ဦးစားပေးကာ အထူးရန်ပုံငွေများအပါအဝင် ရန်ပုံငွေများနှစ်စဉ်တိုးချဲ့ ခွဲဝေပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရရှိလာသော ရန်ပုံငွေများဖြင့် လူနာများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို တိုးမြှင့်ဝယ်ယူကာ ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လူနာများ စိတ်အေးချမ်းသာစွာ ဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရန်နှင့် ကျန်းမာ ရေးဝန်ထမ်းများ စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဆေးရုံအဆောက်အဦများအပြင် သင်ကြားရေးဆိုင်ရာ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများကို နှစ်စဉ်စီမံကိန်းများဖြင့် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ရန်ပုံငွေများကို အကျိုးရှိစွာစီမံခန့်ခွဲဆောင်ရွက်ခဲ့ ခြင်းကြောင့် အမှန်လိုအပ်သော အဆောက်အဦများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပိုမိုဖြည့်ဆည်းဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ ဆေးရုံများ၏ ဝန်ဆောင်မှုများ တိုးတက်စေရေးအတွက် ဝန်ထမ်းအဆင့်ဆင့် ကိုလည်း ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခင်က ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံများ၌သာ အထူးကုဆရာဝန်များ တာဝန်ချထားနိုင်ရာမှ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံများအထိ အထူးကုဆရာဝန်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဘွဲ့လွန် ဆေးပညာသင်ကြားရေး လုပ်ငန်းများကို ညှိနှိုင်းအားဖြည့် ဆောင်ရွက်လျက်ရှိပြီး ပါမောက္ခ၊ ဌာနမှူး များ၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် ခေါင်းဆောင်ကောင်းပီသစွာဖြင့် မျိုးဆက်သစ်ဆရာဝန် များကို ခံယူချက်မှန်ကန်၍ အရည်အသွေးပြည့်ဝသော ဆရာဝန်ကောင်းများဖြစ်စေရေးအတွက် အလေးအနက်ထားကာ လေ့ကျင့်ပေးစေလိုပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ ဟန်ချက်ညီညီ ဆက်လက်တိုးတက်စေရေးအတွက် စုပေါင်းအင်အားဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဆေးရုံအုပ်ကြီး၊ ပါမောက္ခချုပ်၊ ပါမောက္ခ/အထူး ကုဆရာဝန်ကြီးများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်