ရန်ကုန် ဧပြီ ၆

ထိုင်းရိုးရာသင်္ကြန်ပွဲတော် ၂၀၂၄ (Songkran Festival 2024)ကို ယနေ့ညနေ ၄ နာရီ တွင် ရန်ကုန်မြို့ ပြည်လမ်း ဒဂုံမြို့နယ်ရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။

ထိုင်းရိုးရာသင်္ကြန်ပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်းရှိ ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေးနှင့် ဇနီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် ဇနီး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံရုံးများမှ သံတမန်များ၊ ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump က ပန်းနှင့် ဆီမီး ဆက်ကပ်ပူဇော်သည်။

ထို့နောက် ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်ထံမှ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော် ကြီးနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြပြီး ဆရာတော်ထံမှ မေတ္တာရေပက်ဖျန်းခြင်းနှင့် ဆုတောင်းမေတ္တာ ခံယူကြကာ ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေသပ္ပာယ်ကာ ဒင်္ဂါးများ ကပ်လှူပူဇော်ကြပြီး ထိုင်းရိုးရာအစားအစာ ဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

ထို့နောက် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran)အခမ်းအနားကို ကျင်းပရာ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး၊ ကမ္ဘော ဒီးယားနိုင်ငံ သံအမတ်ကြီး၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ၌ ရောက်ရှိနေကြသည့် ထိုင်း နိုင်ငံသားများသည် ထိုင်းရိုးရာ သင်္ကြန်ရေးအေးဖြင့် အပြန်အလှန် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး၏ သင်္ကြန်မိုးသီချင်း သီဆိုမှုနှင့်အတူ ထိုင်းရိုးရာယဉ်ကျေးမှုအဖွဲ့၏ တွဲဖတ်ကပြ ဖျော်ဖြေတင်ဆက်မှုကို လည်းကောင်း၊ အစားအသောက်များ သုံးဆောင်နိုင်ရန် ဖွင့်လှစ်ပေးခြင်းကိုလည်းကောင်း၊  သင်္ကြန်ဖက်ရှင် ဝတ်စားဆင်ယင်မှု ယှဉ်ပြိုင်ခြင်းကိုလည်းကောင်း၊ မြန်မာအဆိုတော် မဆုထက်လှိုင် က ထိုင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် သင်္ကြန်အကဖြင့် ဖျော်ဖြေ တင်ဆက်မှုကိုလည်း ကောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အခမ်း အနားသို့ တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကပြဖျော်ဖြေခဲ့သူများကို ဂုဏ်ပြုပန်းစည်းလက်ဆောင် ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်