နေပြည်တော် ဧပြီ ၆
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး သံရည်ကျိုမီးဖို၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ရေသန့်စင်အလုပ်ရုံ၊ အောက်စီဂျင်အလုပ်ရုံ၊ ဓာတ်အားခွဲရုံ၊ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ ကျောက်မီးသွေးများ သိုလှောင်ထားရှိမှု၊ စက်ရုံမှထွက်ရှိသော သံစိမ်းများအား အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ ပို့ဆောင်နိုင်ရေး အတွက် မီးရထားလမ်း ဖောက်လုပ်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စက်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆောင်ရွက်ရန်၊ ဘွိုင်လာများအား စွမ်းအားပြည့် လည်ပတ်အသုံးပြုနိုင်ရေးအတွက် ဘွိုင်လာကိုင်ကွယ်ထိန်းသိမ်း မောင်းနှင်မှု သင်တန်းများ ဖွင့်လှစ်ပေးရန်၊ စက်ရုံအလိုက် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အခြေအနေတို့နှင့်ပတ်သက်၍ ကျေညက်အောင် လေ့လာထားရန်နှင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပေးရန်၊ စက်ပစ္စည်း ကိရိယာများ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိမှုမရှိစေ ရေးအတွက် Drawings များနှင့် တိုက်ဆိုင် စစ်ဆေး၍ စစ်ဆေးခြင်းလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်၊ စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံ ညွှန်များနှင့်အညီ ဖြစ်စေရေးအတွက် အလေးထားကြပ်မတ် ဆောင်ရွက်ရန်၊ စက်ရုံခွဲများအလိုက် တပ်ဆင်ထားရှိသည့် စက်တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို သိရှိအောင်ဆောင်ရွက်ထားရန်၊ စက်ရုံ၌တပ်ဆင်ထားရှိသည့် စက်တစ်ခုချင်းစီ၏ ကိုင်တွယ်ထိန်း သိမ်းမောင်နှင်မှု လက်စွဲစာအုပ်၊ Manual စာအုပ်အား ဝန်ထမ်းအားလုံး အလွယ်တ ကူသိရှိလေ့လာနိုင်ရေးအတွက် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရရှိထားသည့် ဘဏ္ဍာ ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်