နေပြည်တော်၊ ဧပြီ ၇

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင် အားကစားခန်းမနှင့် ကြက်တောင်အားကစားခန်းမတို့ကို လည်းကောင်း၊ မြို့မ အားကစားကွင်းနှင့် အားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်း/ဘော်လီဘော အားကစားရုံ၊ လက်ဝှေ့ရုံရှိ (GYM) လေ့ကျင့်ရေးခန်းမနှင့် အ‌လေးမအားကစားရုံတို့ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်ရှိ  ဘိလိယက်နှင့်စနူကာ အားကစားခန်းမတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ ရေရှည် တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေးတို့အတွက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ အားကစားနည်းအလိုက် လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည့် နည်းပြနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် နယ်မြေဒေသအခြေအနေ များအရ လုံခြုံရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ အသိပညာဗဟုသုတများ တိုးပွားစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ပညာဝမ်းစာပြည့်အောင် အစဉ်အမြဲ ကြိုးစားသွားကြရန်လိုကြောင်း၊ မိမိတို့အားပေးအပ် ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားရန်၊ နည်းပြများအနေဖြင့်လည်း မိမိတို့၏ အရည်အသွေးများ တိုးတက်စေရန်နှင့် ပြောင်းလဲလာသည့် နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို သိရှိအောင်အမြဲမပြတ် လေ့လာမှတ်သားပြီး  မိမိကဲ့သို့ ထူးချွန်သည့်အားကစား သမားကောင်းများကို မွေးထုတ်ပေးနိုင်သည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစားသွားရန်မှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များ၊ အခက်အခဲများနှင့် အားကစား လေ့ကျင့်မှုများပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် အားကစား အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)