နေပြည်တော်     ဧပြီ     ၇

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းဝန်းရှိ ကုန်သွယ်ရေးဦးစီးဌာန၏ Commerce Journal ပုံနှိပ်တိုက်သို့ရောက်ရှိ၍ ကုန်သွယ်မှုဆိုင်ရာ စာစောင်များ၊ အသိပညာပေးစာစောင်များနှင့် ဂျာနယ်များ  ပုံနှိပ်ထုတ်ဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်း ဖော်ပြနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စောင်ရေတိုးချဲ့ရိုက်နှိပ် ဖြန့်ဖြူးနိုင် ရေးဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်၊ အောင်မင်္ဂလာဆိပ်ကမ်းတွင် မအူပင်မြို့နယ်နှင့် တွံတေးမြို့နယ်တို့ရှိ ပြည်တွင်းဖူလုံ၍ ဈေးနှုန်းတည်ငြိမ်မှုရှိ အောင်ဆောင်ရွက်ပြီး ပိုလျှံသည့် ငါးမြစ်ချင်းနှင့် ငါးသိုင်းခေါင်းပွ မွေးမြူရေးငါးများကို ပြည်ပသို့တင်ပို့ရန် သင်္ဘောတင်နေမှု အခြေအနေများကို သွားရောက်စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပို့ကုန်လုပ်ငန်းဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များ နှင့်ကိုက်ညီမှုရှိစေရေးအတွက် ဌာနဆိုင်ရာ One Stop Services (OSS) အဖွဲ့မှ စနစ်တကျစစ်ဆေး ဆောင်ရွက်ရန်၊ ပို့ကုန်ငါးများကို အချိန်တိုအတွင်း သင်္ဘောတင်နိုင်ရေးဆောင်ရွက်ရန်၊ ငါးအရည်အသွေးကောင်းမွန်စေရန်နှင့် အလေးချိန်မှန်ကန်စေရန် အလေးထားဆောင်ရွက်ရန်၊ ပြည်ပ ဈေးကွက် အသစ်တိုးချဲ့ ရှာဖွေတင်ပို့နိုင်ရန်နှင့် ပင်လယ်ရေကြောင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)