ရန်ကုန် ၂၆ ဖေဖော်ဝါရီ
မတ် ၃ ရက်တွင် ကျရောက်သော ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသောဆင်ပြတိုက်ကို ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက်အတွင်း၌ စတင်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း၌ ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့တွင် စတင်ဖွင့်လှစ်ပြသသွားမည့် ဆင်ပြတိုက်သည် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ပြသသွားမည့် ဆင်ပြတိုက်တစ်ခုဖြစ်ပြီး မြန်မာသမိုင်းတွင် တောဆင်ရိုင်းများနှင့် မွေးမြူရေးဆင်များ၏ အရေးပါသော အခန်းကဏ္ဍကို ပြသသွားမည်ဖြစ်သကဲ့သို့ ယနေ့လတ်တလောဆင်များ၏ အသက်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများ၊ ဆင်များရေရှည် အသက်ရှင်ရပ်တည်နိုင်ရန် ဆောင်ရွက်နေသော အစီအစဉ်များကို ထည့်သွင်းပြသသွားမည်ဖြစ်သည်။
အဆိုပါ ဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ သဘာဝသမိုင်းပြတိုက်အတွင်းတွင် ထည့်သွင်းခင်းကျင်းပြသသွားမည်ဖြစ်ပြီး သစ်တောဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းရန် ပြတိုက်ဖွင့်လှစ်သောနေ့တွင် ဖမ်းဆီးရမိ ဆင်စွယ်များ၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္တာန် အစိတ်အပိုင်းများကို ဒုတိယအကြိမ်မီးရှို့ ဖျက်ဆီးခြင်းကို လုပ်ဆောင်သွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်မယ့် ဆင်ပြတိုက်ကို ပြည်တွင်း၊ ပြည်ပက လာရောက်ကြည့်ရှုသူတွေ အဆင်ပြေစေဖို့ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြသသွားမှာပါ။ ပြတိုက်မှာဆင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ထည့်သွင်းပြသသွားမှာဖြစ်သလို စိတ်ဝင်စားစရာကောင်းတဲ့ အထောက်အကူပစ္စည်းတွေကိုလည်း ထည့်သွင်းပြသပေးသွားဖို့ ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးသိန်းတိုးက စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးဆင်ပြတိုက်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF-Myanmar)က ငွေကြေးထောက်ပံ့ထားပြီး မြန်မာလူငယ်ဗိသုကာ အဖွဲ့မှ ဒီဇိုင်းရေးဆွဲပေးခြင်းဖြစ်သည်။ ပြတိုက်အတွင်း၌ ဆင်ပုံကားချပ်များ၊ ဆင်အရိုးစုနှင့် အစိတ်အပိုင်းများ၊ ဆင်များ၏ အလေ့အထများနှင့် အကြောင်းအရာများစွာကို ရုပ်သံပြကွက်များ၊ ကိုင်တွယ်ထိတွေ့ ကြည့်ရှုနိုင်သည့် ပြကွက်များဖြင့် ပိတ်ရက်မရှိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှု လေ့လာနိုင်မည်ဖြစ်သည်။

လက်ရှိသဘာဝသစ်တော နယ်မြေများ၌ တောဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀ဝ ဝန်းကျင်နှင့်အစိုးရ၊ ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသော ဆင်ကောင်ရေ ၃၀ဝ၀ မှ ၅၀ဝ၀ ဝန်းကျင်အထိရှိကြောင်း သိရပြီး ယခုအခါ တစ်ပတ်လျှင် အနည်းဆုံးဆင်တစ်ကောင်နှုန်း အသတ်ခံရ၍ တောဆင်ရိုင်းများသာမက အစိုးရပိုင်၊ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး ဆင်များနှင့် မွေးမြူရေးဆင်များကိုပါ ပစ်မှတ်ထားသတ်ဖြတ်လာသည်မှာ ပိုမိုများပြားလာကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်