နေပြည်တော်၊ ဧပြီ ၈  

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေး ဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ လက်ခံတွေ့ဆုံသည်။ 
ထိုသို့တွေ့ဆုံစဉ်  မြန်မာနိုင်ငံအစိုးရနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ အကောင်အထည်ဖော်ရေးနှင့် စာချွန်လွှာပါ ဦးစားပေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မြန်မာနိုင်ငံအစိုးရနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအတွက် စာချွန်လွှာပါ ဦးစားပေးနယ်ပယ်များတွင် ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှု၊ အကောက်ခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နည်းပညာဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ မိလ္လာနှင့် ရေဆိုးများ သန့်ရှင်းရေး၊ တိရစ္ဆာန်များမှ ကူးစက်နိုင်သော ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး၊  လူ၊ အပင်နှင့် တိရစ္ဆာန်များ ပိုးမွှားကင်းစင်ရေး အစီအမံများ၊ ဘဏ္ဍာရေးဈေးကွက်များ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စက်မှု-စိုက်ပျိုးရေးကဏ္ဍ၊ ယှဉ်ပြိုင်မှုမူဝါဒ၊ စက်မှုလုပ်ငန်း၊ စားသုံးသူအခွင့်အရေး၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်နှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အခြားသော ကဏ္ဍများပါဝင်သည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် အဆင့်မြင့် အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်