နေပြည်တော်၊ ဧပြီ ၈
သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ (၃) နှစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း) တို့မှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းရေးဆွဲခဲ့သည့် တက္ကသိုလ်/ကောလိပ်များမှ ပါမောက္ခ (ဌာနမှူးများ) နှင့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာန (၅) ခုမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများ (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) အဖြစ် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုလျှင် သင်တန်းကာလ (၂) နှစ်ဖြင့် သင်တန်းများကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ အထက်တန်းကျောင်းများနှင့် စက်မှုအထက်တန်းကျောင်းများကဲ့သို့ (၃) နှစ်သင်တန်းသို့ တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။
လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်ပြီး အကောင်အထည်ဖော်မည် ဖြစ်သည့်အတွက် (၃) နှစ်တာ သင်ကြားပို့ချမည့် ဘာသာရပ်သင်ခန်းစာများကို စနစ်တကျပြည့်စုံစွာ ရေးဆွဲပြုစုစေလိုကြောင်း၊ စနစ်သစ်ပညာရေးအရ Grade-9 အောင်မြင်ထားသူများကို သင်တန်းသားအဖြစ် လက်ခံဆောင်ရွက်မည်ဖြစ်သည့်အတွက် အဆင်ပြေနိုင်သော သင်ခန်းစာများကို ရွေးချယ်ဖန်တီးစေလိုကြောင်း၊ ၃ နှစ် သင်တန်းပြီးမြောက်သည့်အခါ Certificate in Business Accounting လက်မှတ်ထုတ်ပေးရန်နှင့် စာရင်းကိုင်ဘာသာရပ်များနှင့် သင်္ချာဘာသာရပ်တို့မှ ဂုဏ်ထူးရရှိပြည့်မီသူများအား သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များနှင့် သမဝါယမကောလိပ်များတွင် ပေါင်းကူးပညာသင်ယူပြီး ဘွဲ့၊ ဒီပလိုမာများ ပေးအပ်နိုင်အောင် စီစဉ်မည်ဖြစ်ကြောင်း။
သမဝါယမကောလိပ်အပြင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ တက်ရောက်ပညာသင်ယူနိုင်ရန် အရည်အချင်းစိစစ် လက်ခံရမည်ဖြစ်ပြီး အောင်မြင်ပြီးသော သင်တန်းသားများအားလုံး အလုပ်အကိုင်ရရှိမည်ဖြစ်ကြောင်း၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများအနေဖြင့် နိုင်ငံအတွက်တန်ဖိုးရှိသော အနာဂတ်စာရင်းကိုင် ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်သော အားထားရသော ကျောင်းများအဖြစ် ရေရှည်တည်တံ့ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး သင်ရိုးညွှန်းတမ်း ရေးသားပြုစုသော Major ဘာသာရပ်၏ တာဝန်ခံ အဖွဲ့ခေါင်းဆောင်များမှ သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြကာ တက်ရောက် လာသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များက အကြံပြုချက်များကို ဆွေးနွေးပြီး (၃) နှစ်သင်တန်းတွင် သင်ကြားမည့်သင်ခန်းစာများကို ဆွေးနွေးညှိနှိုင်းကြသည်။
သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို ဖော်ထုတ်ပြုစု၍ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးဌာန၏ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီမှ အသိအမှတ်ပြုခွင့်ပြုရန် ဆောင်ရွက်မည်ဖြစ်ပြီး (၃) နှစ် သင်တန်း ပြီးမြောက်ပါက သတ်မှတ်အရည်အချင်း ပြည့်မီသူများအား သမဝါယမကောလိပ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူးဆက်လက်ပညာသင်ကြားနိုင်ရေးနှင့် အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်