ရန်ကုန်၊ ဧပြီ ၈
လူသုံးကုန်ဈေးကွက်အတွင်း ဖယောင်းတိုင်များ စျေးကောင်းနေပြီး ထုတ်လုပ်သည့် လုပ်ငန်းရှင်များလည်း ရောင်းအားတက်နေကြောင်း ဖယောင်းတိုင်းလုပ်ငန်း အသိုင်းအဝိုင်းနှင့် ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များထံ မေးမြန်းထားချက်များအရသိရသည်။
“အခုက စားသောက်ကုန်တွေထက် ဖယောင်းတိုင်ကပိုပြီး ဈေးတက်နေတယ် ။ ဖယောင်းတိုင် ကျပ် ၁၀၀ တန်က ကျပ် ၁၅၀ ဖြစ်တယ်။ ကျပ် ၂၀၀ တန်က ကျပ် ၂၅၀ ဖြစ်နေတယ်။ ဖယောင်းတိုင် အသေးတစ်ထုပ်ဆို ကျပ် ၆၅၀ ကနေ ခုဆို ကျပ် ၈၀၀ ဖြစ်သွားပြီ။ သကြန်နားနီးတာလည်း ပါတာပေါ့” ဟု ထန်းတစ်ပင်မြို့နယ်ရှိ “မြင့်” ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ဆိုသည်။
ယခင်က ငါးချောင်းပါ ဖယောင်းတိုင်အလတ်အမျိုးအစား တစ်ထုတ်လျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုအခါ ၁၂ဝဝ ကျပ်မှ ၁၃၀၀ ကျပ် ဖြစ်နေပြီး၊ ဘုရားမီးပူဇော်သည့် ဖယောင်းတိုင် အသေးတစ်ထုတ်လျှင် ယခင် ကျပ် ၆၅၀ မှ ယခုအခါ ၉၀၀ ကျပ်နှင် ၁၀၀၀ ကျပ်အတွင်း အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှု ရှိကြောင်းသိရသည်။
“ဟုတ်တယ်အခုက စားသောက်ကုန်တွေလည်း ဈေးတက်သလို ဖယောင်းတိုင်ကလည်း စားသောက်ကုန်ထက် ပိုတက်နေတယ်။ ဥပမာ စားသောက်ကုန်က တစ်မျိုးတစ်ရာလောက်တက်ရင် ဖယောင်းတိုင်က ၂၀၀ လောက်ကိုတက်နေတာ” ဟု အိမ်ရှင်မတစ်ဦးကပြောသည်။
လက်ရှိကာလတွင် ဖယောင်းတိုင်မှာ ရောင်းအားကောင်းနေပြီး စျေးကွက်လိုအပ်ချက် မြင့်မားနေကြောင်းလည်း သိရသည်။
“လက်ရှိက ရောင်းအားကောင်းနေတယ်။ အရင်ထက် တိုးထုတ်ရတဲ့ အနေအထားပါ။ ကျွန်တော်တို့တနိုင်တပိုင် လုပ်ငန်းတွေအနေနဲ့ အရင်ထက်ရောင်းအား သိသိသာသာတက်နေတာ။ ကုန်ကြမ်းစျေးတွေလည်း တက်နေတယ်။ ဆိုတော့ရောင်းအားတက်တယ်။ အမြတ်ကလည်း ကုန်ကြမ်းထဲ ထည့်နေရတယ်" ဟု ရန်ကုန်မြို့မှ ဖယောင်းတိုင်ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
Thit Taw
