နေပြည်တော်၊ ဧပြီ ၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Woven Bag ဆာလာအိတ် (၃၀၀၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၄၀၇,၆၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီလ ၅ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၃၃၂) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီလ ၆ ရက်တွင် တောင်ငူခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁၁ ဒသမ ၂၀၃) တန်၊ သစ်မာ (၂၄ ဒသမ ၀၉၃) တန်နှင့် အခြားသစ် (၇ ဒသမ ၃၇၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၆၁၅,၉၇၇) ကိုလည်းကောင်း၊ ဧပြီလ ၇ ရက်တွင် သာယာဝတီခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၃၁၀) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၁၅၃,၁၅၂) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၇၆၉,၁၂၉) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး)၊ နှာပေါက်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆီသယ်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ (၂၄၀) ဂါလန်၊ ဓါတ်ဆီ (၄၈၀) ဂါလန်၊ ပေပါခွံအဟောင်း (၁၅) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၁၄၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၁၄၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီလ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်း ရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Joikey G-1 အရက်ဖြူ ဖာ (၅၀၀) ၊ Chang ဘီယာ (၄၉၆) ဖာ အပါအဝင် ကုန်ပစ္စည်း (၁၀) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၆၀၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ယစ်မျိုးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃,၆၆၅,၇၂၉) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်