နေပြည်တော်၊ ဧပြီ ၈
ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းဒါရိုက်တာနှင့် စီမံကိန်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က မြန်မာစာ မြန်မာစကား၏ အသုံးအနှုန်းများ၊ ရေးထုံးများမှာ လွန်စွာရှုပ်ထွေးသဖြင့် မြန်မာစာအဖွဲ့နှင့် မြန်မာဘာသာဗေဒ လုပ်ငန်းအဖွဲ့သည် AI နှင့် NlP နည်းပညာအဖွဲ့တို့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဦးစီးကော်မတီသို့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ခြောက်လတစ်ကြိမ် တင်ပြ၍ အကြံပြုချက်များ ရယူသွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ဤစီမံကိန်းသည် နယ်ပယ်မျိုးစုံ ပါဝင်ပတ်သက်မှု ရှိနေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုမှာ လွန်စွာအရေးကြီးပါကြောင်း၊ စီမံကိန်းအောင်မြင်ရေးအတွက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုစုစည်း၍ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ မျိုးဆက်သစ်ပညာရှင်များ မွေးထုတ်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်က စီမံကိန်းအလိုက် တာဝန်ခွဲဝေလျာထားမှု၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်း တစ်ခုချင်းစီအတွက် လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းအဆင့်များ၊ ပရောဂျက်အလိုက် တည်ဆောက်သွားမည့် System Architecture များ၊ အသုံးပြုသွားမည့် Models များအကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြပြီး စီမံကိန်းစတင်သည့် အချိန်မှ လက်ရှိအချိန်အထိ လုပ်ဆောင်ပြီးစီးမှုအခြေအနေနှင့် စိန်ခေါ်မှုများ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအမံများကို အဆင့်လိုက် အသေးစိတ်တင်ပြသည်။
ဆက်လက်၍ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း NLP နည်းပညာအဖွဲ့ခေါင်းဆောင် ပါမောက္ခချုပ် ဒေါက်တာဝင်းပပက စီမံကိန်းတစ်ခုချင်းစီအတွက် အသုံးပြုသွားမည့် Model အလိုက် Theory ပိုင်းဆိုင်ရာ ချဉ်းကပ်မှုအခြေအနေ၊ စမ်းသပ်တည်ဆောက်သွားမည့် Mathematical Model နှင့် Programming Model များ၏ System Design များအကြောင်းကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ဘာသာဗေဒလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန့်စင်အေးက ဘာသာဗေဒ လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ AI နှင့် NLP နည်းပညာ လုပ်ငန်းကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ လက်ရှိလုပ်ငန်းပြီးစီးမှု အခြေအနေများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအကြောင်းကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အထွေထွေဆွေးနွေးကြကာ ဒုတိယဝန်ကြီးများက လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
