နေပြည်တော်၊ ဧပြီ ၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့် သင်ရိုးအသစ်ဖြင့် အခြေခံပညာ ပြီးမြောက်လာသော ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များသို့ တက်ရောက်လာကြတော့မည်ဖြစ်ပြီး ၎င်းတို့အတွက် KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင်လည်း သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၊ ပြင်ပပညာရှင်များ၊ Stakeholder များအားလုံးပါဝင်၍ ညှိနှိုင်းအစည်းအဝေးပွဲများ အဆင့်ဆင့် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ သင်ကြား၊ သင်ယူမှုနည်းလမ်းများကို စနစ်ကျစွာ အသုံးပြုရန်နှင့် ဘွဲ့ရကျောင်းသားများတွင်ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များ ပြည့်မီစေရန်အတွက် Assessment ပုံစံများပါ တစ်ပါတည်း စဉ်းစားရေးဆွဲရန်လိုပါကြောင်း။
အရည်အသွေးမြင့်သည့် သင်ကြားသင်ယူမှု နည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီ သင်ရိုး ညွှန်းတမ်းများနှင့် သင်ကြားသင်ယူမှု အထောက်အကူပြုစနစ်များကို အသုံးပြုကာ  ကျောင်းသား၊ ကျောင်းသူများကို လေ့လာသိရှိမှုစွမ်းရည်၊ ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်၊ လုပ်ဆောင်နိုင်မှုစွမ်းရည်များ ပြည့်ဝသည့် ဗလငါးတန်နှင့်ပြည့်စုံသော အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးရာတွင် အဓိကအုတ်မြစ်ဖြစ်သော သင်ရိုးညွှန်းတမ်းများကို နိုင်ငံတော်လိုအပ်ချက်နှင့် ဒေသလိုအပ်ချက်များကို အထောက်အပံ့ပေးနိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ဖြစ်စေရေး Stakeholder များ၏ အကြံပြုချက်၊ သုံးသပ်ချက်များနှင့်အတူ ပြီးပြည့်စုံသော သင်ရိုးညွှန်းတမ်းများ ထွက်ပေါ်လာရေး ဝိုင်းဝန်းကြိုးစား သွားကြရန် တိုက်တွန်းပြောကြားသည်။ 
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အမှာစကား ပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်မည့် သင်ရိုး ညွှန်းတမ်းများ ဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းမှာကြားသည်။
အစည်းဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်