နေပြည်တော်၊ ဧပြီ ၈
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရာက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်း ရန် အလို့ငှာ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန်နှင့် စစ်ပညာသင်ကြားရန် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဌာန်းခဲ့ပြီး ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီ (၁၀) ရက်၊ အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄) ဖြင့် အာဏာတည်သည့်ရက် အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း၌သာ ပြဌာန်းခြင်းမျိုး မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများအပြား၌ ပြဌာန်းကျင့်သုံးလျက်ရှိကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ၊ ကင်းလွတ်ခွင့်ရရှိသူများ ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ ၊ စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားများ၊ စစ်မှုထမ်းကာလ၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်တို့ကို ဝန်ထမ်းများသိရှိရန် ရှင်းလင်းချပြသွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ယက်စာမျက်နှာများနှင့် အဖျက်အမှောင့်မီဒီယာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ရေးသားဖော်ပြနေသည့်အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ်စေရေး ဥပဒေ ပါအချက်အလက်များ၊ ပြဌာန်းချက်များကို မိမိဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုဝင်များ သိရှိရန် လိုအပ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေကို နည်းအမျိုးမျိုးဖြင့် လူမှုကွန်ယက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေပြီး နှောက်ယှက် ဆောင်ရွက်ခြင်းများရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနိုင်ပါကြောင်း၊ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ကင်းလွတ်ခွင့်ပြုသူများ၊ ရွှေ့ဆိုင်းခွင့်ပြုနိုင်သူများ၊ လျော့ပေါ့ ခွင့်ပြုနိုင်သူများ၏ စည်းကမ်းသတ်မှတ်ချက် နောက်ဆုံးအခြေအနေကို ပြည်သူများသိရှိအောင် သတင်းစာများတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်က ပြဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်လိုပါကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်များ၊ ပြဌာန်းချက်များကို လက်ဆင့်ကမ်းမျှဝေပေးခြင်းဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်
