နေပြည်တော်၊ ဧပြီ ၈
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ကြောင်း ကြေညာခြင်းအခမ်းအနားကို ယနေ့ နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်တွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး မှ ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်)နှင့် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စီမံကိန်း တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါနှင့် တိရစ္ဆာန်နှင့်လူအကြား အပြန်အလှန် ကူးစက်တတ်သော ရောဂါများ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီမံကိန်း၏ အောင်မြင်မှုအထူးပြယုဂ်အနေဖြင့် မိမိတို့ဌာနတွင် အမှန်တကယ် လိုအပ်နေသော အအေးခန်းသိုလှောင်ရုံကြီး (၅) ခုနှင့် အရန် မီးစက် (၅) လုံးတို့ကို ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိသည့် ရန်ကုန်နှင့် ပြင်ဦးလွင်ရှိ ဓာတ်ခွဲခန်းများ နှင့် ကာကွယ်ဆေးများ အရေးပေါ်သိုလှောင်ရသည့် နေပြည်တော်ရုံးချုပ်တို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ဓာတ်ခွဲခန်း ကွန်ယက်စနစ်များကိုလည်း တည်ထောင် နိုင်ခဲ့ပြီး ကာကွယ်ဆေးများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အဦ (၂) လုံးကိုလည်း ထည့်သွင်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဆေးစမ်းတိရစ္ဆာန်များ ဇီဝလုံခြုံမှု ကောင်းမွန်စွာ မွေးမြူနိုင်ခြင်း၊ Animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူစမ်းသပ်နိုင်ခြင်းတို့ကြောင့် ကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်းများ အဆင့်မြင့်တင်ရေးကို အထောက်အကူ ပြုနိုင်ခဲ့ကြောင်း။
တိရစ္ဆာန်ရောဂါ ကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးများကို ပြည်တွင်း၌ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်သွားနိုင်မည်ဖြစ်၍ မိမိတို့နိုင်ငံ အပြင် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအတွက်လည်း အထူးအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စီမံကိန်းဆောင်ရွက်ရန် ခွင့်ပြုထောက်ပံ့ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် စီမံကိန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ဉီးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူ ပူးပေါင်းဆောင်ရွက် ပေးကြပါသော သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတိယ အတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) က စီမံကိန်းလုပ်ငန်းများ အောင်မြင် ပြီးမြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတိယ အတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်)ကို အမှတ်တရလက်ဆောင် ပေးအပ်သည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းတာဝန်ခံအား အမှတ်တရ လက်ဆောင် ပေးအပ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည့် စီမံကိန်း (၄) ခုတွင်ပါဝင်သည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်းသည် (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းစတင်ကြောင်း အသိပေးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လတွင် စီမံကိန်း ပြီးစီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
