mdn

သတင်းဆောင်းပါး - မောင်သောင်းဝင်း(တမန်ဟောင်း)

 

ဖေဖော်ဝါရီလ ၁၂ ရက်မှ ၂၁ ရက်အထိ တက္ကသိုလ်ဝင် စာမေးပွဲအထောက်အကူပြုဘာသာရပ်များကို နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြပေးခဲ့သည်။ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆရာကြီး ဆရာမကြီးများက စာမေးပွဲမေးခွန်းပုံစံနှင့်ဖြေဆိုရမည့်အကြောင်း အရာများကို အကျဉ်းချုပ်ရှင်းပြထားသည်။ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ကျောင်းသား ကျောင်းသူများအတွက် များစွာအထောက်အကူပြုစေသည်။ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စ၍ ကျောင်းသား ကျောင်းသူများကို ထုတ်ပေးပြီးဖြစ်သည်။ မတ်လ ၆ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီး ကျင်းပတော့မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများနှင့် မိဘများအားလုံးသည် စိတ်လှုပ်ရှားလျက်ရှိကြသည်။

 

ဘဝတစ်ဆစ်ချိုးစာမေးပွဲ

 

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသောပညာရေးစနစ်အရ တက္ကသိုလ်ဝင်စာမေးပွဲသည် ကျောင်းသား ကျောင်းသူများအတွက် ဘဝတစ်ဆစ်ချိုး စာမေးပွဲကြီးဖြစ်သည်။ ထိုစာမေးပွဲတွင် အမှတ်ကောင်းကောင်း ဖြင့်သာ အောင်မြင်မည်ဆိုလျှင်မိမိဝါသနာပါသည့် ဘာသာရပ်ကို ရွေးချယ်နိုင်ခွင့်ရှိမည်ဖြစ်သည်။ အမှတ်နည်း နေမည်ဆိုလျှင် ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျနိုင်မည် မဟုတ်ချေ။ ပညာသင်နှစ်အစကတည်းက စနစ်တကျ ကြိုးစားခဲ့သော ကျောင်းသား ကျောင်းသူများသည်ပြန်လှန်လေ့ကျင့်ခန်းများ လုပ်ပြီးနေလောက်ပြီဟု ထင်ပါသည်။ ထို့အပြင် စာမေးပွဲကြီးဖြေဆိုရန်အတွက်လည်း အသင့်ဖြစ်နေ လောက်ပြီ ထင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ပွဲမဝင်ခင်ကတည်းက အကောင်းဆုံးပြင်ဆင်ထားသည့် ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲမေးခွန်းသည် ခက်ခဲနေမည်မဟုတ်ချေ။

 

ကျန်းမာရေးသည်သာအခရာ

 

ထို့ကြောင့် သင်ခန်းစာအားလုံး ကျေညက်နေသော ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးကိုသာ အထူးဂရုစိုက်ဖို့လိုပါသည်။ စာမေးပွဲကြီးဖြေဆိုခါနီးအချိန်တွင် ကျန်းမာရေးချူချာနေမည်ဆိုလျှင် မျှော်မှန်းထား သလောက် အမှတ်ကောင်းကောင်းရနိုင်မည် မဟုတ်ချေ။ စာမေးပွဲနီးမှ ညဉ့်နက်သန်းခေါင် စာကျက်နေမည် ဆိုလျှင်အားအင်ချည့်နဲ့ပြီး ကျန်းမာရေးချူချာလာမည်ဖြစ်သည်။ အထူးသဖြင့် စာမေးပွဲကာလတွင် အိပ်ရေး ဝအောင်အိပ်သင့်သည်။ သို့မှသာလျှင် စာမေးပွဲခန်းထဲ၌ စိတ်ရွှင်လန်း တက်ကြွနေပြီး ကျက်မှတ်ထားသည့် စာများအားလုံးကိုမှတ်မိနေမည် ဖြစ်သည်။

 

လမ်းလွဲနေသောကျောင်းသားမိဘများ

 

တချို့သောမိဘများသည် မိမိတို့၏ကလေးများကို တစ်နှစ်လုံး လျစ်လျူရှုထားပြီး စာမေးပွဲနီးမှသာ ဖုတ်ပူမီးတိုက်ဖိအား ပေးကြသည်။ လက်ဖက်သုပ်ကျွေး၊ ကော်ဖီတိုက်၊ အားဖြည့်အချိုရည်များတိုက်ပြီး တစ်ည လုံး စာကျက်ခိုင်းလေ့ရှိကြသည်။ ထိုသို့မဖြစ်သင့်ချေ။ စာမေးပွဲနီးလျှင် ကလေးများကိုစိတ်ချမ်းသာအောင် ထားရန်သာ လိုအပ်သည်။ အချိန်မှန်အိပ်၊ အချိန်မှန် စားခိုင်းသင့်သည်။ အာဟာရဖြစ်စေသော အစား အသောက်များကိုသာ ကျွေးမွေးသင့်သည်။ လိုအပ်ပါက အားဆေး တိုက်ကျွေးသင့်ပါသည်။ စိတ်အပန်း ဖြေစေရန်အတွက် တီဗွီကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတို့ကို ခဏတဖြုတ်ခွင့်ပြုပေးသွားသင့်ပါသည်။ စိတ်ဖိစီးမှု လျော့နည်းစေရန်အတွက် တရားထိုင်ခိုင်းသင့်ပေသည်။

 

တချို့သောမိဘများသည် တက္ကသိုလ်ဝင်စာမေးပွဲကြီး နီးလာပြီဆိုလျှင် ဗေဒင်ဆရာများ၊ အခါတော်ပေးဆရာများ၊ ဘုန်းကြီးများထံသို့ သွားရောက်ကြသည်။ ဗေဒင်ဆရာများ၊ ဘုန်းကြီးများက အဆောင်ယတြာများ၊ ဖယောင်းတိုင်များ၊ အင်းများပေးကြသည်။ ကလေးများကို သက်သတ်လွတ်၊ မီးလွတ်များ စားခိုင်းကြသည်။ ထိုအဆောင်ယတြာများ စွမ်း၊ မစွမ်းတော့အတိအကျမသိရသော်လည်း ပညာသင် နှစ်အစကတည်းက သင်ခန်းစာများကို စနစ်တကျကျက်မှတ်ထားခြင်းမရှိသော ကလေးများသည် အောင်စာရင်းတွင် ပါလာခြင်း မရှိကြပေ။ ဗေဒင်မေးလျှင်ဆန်ကုန်ရုံသာရှိမည်။ ပညာသင်နှစ်အစကတည်း က ဘာသာရပ်အားလုံးကို ကျေညက်စွာ ကျက်ထားမည်ဆိုလျှင်၊ ကျန်းမာရေးကောင်းမွန်နေမည်ဆိုလျှင် အတန်းတင်စာမေးပွဲကြီးတွင် အခက်အခဲမရှိ ဖြေဆိုနိုင်ကြမည်ဖြစ်သည်။

 

မုချအောင်မြင်မည်

 

တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော ကျောင်းသား ကျောင်းသူများသည် ပညာသင်နှစ်အစကတည်းက ကျောင်း စာကို ပုံမှန်ကျက်မှတ်ခြင်း၊ ကျန်းမာရေးလိုက်စားခြင်း၊ ရတနာ သုံးပါးကိုကြည်ညိုကိုင်းရှိုင်းခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘများ၏ ဂုဏ်ကျေးဇူးကိုအောက်မေ့ပြီး ပြုမူကျင့်ကြံနေထိုင်ကြိုးစားသွားမည်ဆိုလျှင် အတန်းတင်စာမေးပွဲကြီး၌ ထူးချွန်စွာ အောင်မြင်နိုင်မည်ဟု အခိုင်အမာဆိုဝံ့ပါသည်။ စာမေးပွဲကျရှုံး သည့် ကျောင်းသား ကျောင်းသူအများစုသည် စာမေးပွဲဖြေဆိုနည်းမတတ်ခြင်း၊ မေးခွန်းအပေါ် နားလည်မှုမရှိခြင်း တို့ကြောင့်ဖြစ်သည်။ အထူးသဖြင့် ကိုယ်စီ ဝီရိယစိုက်ထုတ်၊ ကြိုးစား အားထုတ်မှုလျော့နည်းသောကြောင့် ဖြစ်သည်။ ကျောင်းသား မိဘများအပိုင်းကလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြ မည့်ကလေးငယ်များအား လျစ်လျူရှုမထားဘဲ လိုအပ်ချက် များကိုအထူးဂရုစိုက်ဖြည့်ဆည်းပေးသင့်ပေသည်။

 

ကောင်းဆုံးကြိုးစားဖြေဆိုခဲ့မည်ဆိုလျှင်

 

တစ်နှစ်ပတ်လုံးကြိုးစားထားသော ကျောင်းသား ကျောင်းသူများသည် အတန်းတင်စာမေးပွဲအတွက် အသင့်ဖြစ် နေမည်ဟု ယုံကြည်မိပါသည်။ စာမေးပွဲကြီးတွင် ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်စေရန်နှင့် အမှတ် ကောင်းကောင်းရရှိစေရန်အတွက် မေးခွန်းများကို နားလည်စွာ ဖတ်မှတ်ပြီးမှသာ ဖြေဆိုသွားသင့်ပါသည်။ အထူးသဖြင့် အဖြေလွှာတွင် မိမိဖြေဆိုသော မေးခွန်းနံပါတ်ကို စနစ်တကျရေးသားခြင်း၊ ဖြေဆိုခြင်း၊ မျဉ်းသားခြင်း၊ ပြန်လည်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွား ရန်လိုအပ်ပါသည်။ တချို့သော ကျောင်းသား ကျောင်းသူများသည် တစ်နှစ်ပတ်လုံး ကြိုးပမ်းထားသော်လည်း စာမေးပွဲဖြေဆိုရာတွင် ခြေချော်လက်ချော် ဖြစ်သွားတတ်ပါသည်။ မျှော်မှန်းထားသလောက် ဂုဏ်ထူးမရကြတော့ပေ။ ဘာသာရပ်အလိုက် ရမှတ်လည်း နည်းသွားတတ်ကြသည်။

 

ဆိုရလျှင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင်ဒသမတန်း၌ ပညာ သင်ယူနေသော ကျောင်းသား ကျောင်းသူအားလုံးသည် မတ်လ ၆ ရက်နေ့တွင် တက္ကသိုလ်ဝင် စာမေးပွဲကြီးဖြေဆိုကြရတော့မည်ဖြစ်သည်။ စာမေးပွဲဖြေဆိုဖို့ရန်တစ်ပတ်လောက်သာလိုတော့သဖြင့် စာနွှေးဖို့ အတွက်တစ်ဘာသာကို အချိန်တစ်ရက်လောက်သာ ကျန်တော့သည်။ စင်စစ်အားဖြင့် ထိုစာမေးပွဲကြီးသည် အထက်တန်း ကျောင်းသား ကျောင်းသူများ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့်စာမေးပွဲကြီးလည်းဖြစ်သည်။ ထိုစာမေးပွဲတွင်သာ ထူးချွန်စွာ ဖြေဆိုနိုင်မည်ဆိုလျှင် မိမိဆက်လက်ပညာ ဆည်းပူးလိုသော တက္ကသိုလ်ကိုတက်ရောက်ခွင့်ရရှိကြမည်ဖြစ်သည်။ 

 

ထို့ကြောင့်ပညာသင်နှစ်အစကတည်းက ပုံမှန်လေ့လာ သင်ယူကျက်မှတ်ခဲ့သော ကျောင်းသား ကျောင်းသူများသည်ဆန္ဒနှင့်ဘဝတစ်ထပ်တည်းဖြစ်ကြမည်ဖြစ်သည်။ စာမေးပွဲကြီး နီးကပ်လာပြီဖြစ်သဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လိုအပ်သည်။ မိဘများကလည်းကလေးများကို စိတ်ချမ်းသာ အောင် ထားသင့်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းသား လူငယ်များအနေဖြင့် အဆုံးအဖြတ်ပေးမည့် အတန်းတင်စာမေးပွဲကြီး၌ မေးခွန်းများကိုနားလည်အောင် အပြန်ပြန်အလှန်လှန်ဖတ်ပြီး အကောင်းဆုံးသာကြိုးစားဖြေဆိုခဲ့မည်ဆိုလျှင် အောင်မှတ်ရရှိနိုင်သည့်အပြင် ဂုဏ်ထူးအမှတ်များ ပင်ရရှိနိုင်သည်ဟု ဆိုချင်ပါသည်။