နေပြည်တော်     ဧပြီ      ၉

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများတက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက Student Information Management System ဆိုင်ရာကိစ္စရပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ် များမှ အထူးပြုဘာသာရပ်များအလိုက် အုပ်စုဖွဲ့ဆွေးနွေးထားရှိမှုများကို ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာ ဆွေးနွေးမှုများ၊ ညှိနှိုင်း ဆောင်ရွက်မှုများဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် Credit စနစ်များ၊ အရည်အသွေးအာမခံမှုစနစ်များနှင့်အညီ ရေးဆွဲရန်လိုအပ်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ်ကျွမ်းကျင်တတ် မြောက်မှုကို အဓိကထား ရေးဆွဲစေလိုပါကြောင်း၊ အတတ်ပညာနှင့် အသိပညာတိုးတက်ရေးအတွက်သာမက စိတ်ဓာတ်ကြံ့ခိုင် ဖွံ့ဖြိုး တိုးတက်လာရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက အကြံပြုဆွေးနွေးတင်ပြ၍ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်သော သင်ရိုးညွှန်းတမ်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)