နေပြည်တော် ဧပြီ ၉

 

လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ကလေး သူငယ်များ၊ အဓိကအားဖြင့် ထိခိုက်လွယ်အုပ်စုများကို လူ့ဘဝတစ်သက်တာလုံး လွှမ်းခြုံမှုရှိစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာ ဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းစဉ် (၈)ရပ်ပါဝင်ပြီး ၎င်းတို့အနက် ငွေကြေးထောက်ပံ့ခြင်း လုပ်ငန်းအစီအစဉ်(၂)ရပ်ဖြစ်သည့် “ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များကို ငွေကြေးအထောက် အပံ့ပေးရေးအစီအစဉ် - MCCT” နှင့် “လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်” တို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း

 

ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်ရာတွင် အကျိုးခံစားခွင့် ရှိသူများထံသို့ ငွေကြေးများတိုက်ရိုက် ထောက်ပံ့ခြင်း (Cash in Envelope) နည်းလမ်းကိုသာ အသုံးပြုလျက်ရှိပါကြောင်း၊ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း နည်းလမ်းများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်နိုင်ရေး၊ အကျိုးခံစားခွင့်ရှိသူများထံသို့ ထောက်ပံ့ငွေများ အပြည့်အဝရရှိရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ တိကျမှန်ကန်စွာ သုံးစွဲနိုင်ရေး တို့အတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့်   တင်ပြသွားမည့် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းနည်းလမ်း များအပြင် ရေရှည်ဆောင်ရွက်နိုင်မည့် အခြားအကြံပြုလိုသည့်နည်းလမ်းများနည်းပညာများကိုလည်း မျှဝေအကြံပေး ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်ရှိအကောင်အထည်ဖော် ဆောင်ရွက် နေသော လုပ်ငန်းများ၊ ပြောင်းလဲအသုံးပြုလိုသည့် ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေး ခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းသည်။ 

 

မွန်းလွဲပိုင်းတွင် မြန်မာ့သက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် ကျင်းပနိုင်ရန်အတွက် ဝန်ကြီးဌာနများ အလိုက်ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကအလှများ ဖြင့် ပါဝင်ဆင်နွဲရန်အတွက် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်ကို ဝန်ကြီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ဝန်ထမ်းများက တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

ယခုနှစ် သင်္ကြန်ပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနယိမ်းအဖွဲ့မှ “ရေတွေစိုကုန်ပြီ၊ နွေဦးကဗျာ” သီချင်းများဖြင့် လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ယိမ်းအဖွဲ့မှ “မူယာကျော့၊ ကျီစားသလား” သီချင်းများဖြင့်လည်းကောင်း နေ့အလိုက် ပါဝင်ဖျော်ဖြေဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)