နေပြည်တော် ဧပြီ ၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေးစီမံချက် ရှင်းလင်းတင် ပြခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ပူပြင်းခြောက်သွေ့သော နွေရာသီကာလကို ရောက်ရှိလာသဖြင့် အကြောင်း အမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာပါက ချက်ချင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ဝန်ထမ်းအားလုံး သိရှိနားလည်ဆောင်ရွက်တတ်စေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ရုံးအဆောက်အဦ ပုရဝုဏ်အတွင်းအပြင်၊ ရုံးပစ္စည်းကိရိယာ များနှင့် အရေးကြီး စာရွက်စာတမ်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မတော်တဆမီးလောင် ကျွမ်းမှုများ ဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအားလုံး မီးဘေး လုံခြုံရေးစီမံချက်ပါ လုပ်ငန်းစဉ်များကို ကောင်းစွာသိရှိထားကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သေချာလေ့လာသိရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ကြရန်နှင့် ဝန်ထမ်းများအားလုံး မီးဘေးအသိသတိရှိစွာ အထူးဂရုပြုနေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်မှုအခြေခံ သဘောတရားများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ရှောင်ကျဉ်ရမည့်အချက်များ၊ မီးငြိမ်းသတ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီးငြိမ်းသတ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးရုံး အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဝန်ကြီးဌာန၏ မီးဘေးလုံခြုံရေးစီမံချက်ပါ သာမန်အချိန်၊ မီးလောင်မှုဖြစ်ပေါ် ချိန်နှင့် မီးလောင်ကျွမ်းပြီးချိန်တို့တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ကို ဆောင်ရွက်နိုင်ရန် ကွပ်ကဲမှုအဖွဲ့၊ ကြိုတင်ကာကွယ်တာဆီးရေးအဖွဲ့၊ မီးငြိမ်းသတ်ရေးအဖွဲ့၊ သယ်ယူရွှေ့ပြောင်းရေး အဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ပို့ဆောင်ရေးအဖွဲ့ဟူ၍ အဖွဲ့(၆)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
(သတင်းစဉ်)