နေပြည်တော် ဧပြီ ၉

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့ရှိ မြို့မရဲစခန်း အချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် မအူပင်ဘိုးဘွားရိပ်သာများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဉီးစွာကော်မရှင်အဖွဲ့ဝင်များသည် ရီမန်ကာလအခြေအနေ၊ အမှုစစ်ဆေးစဉ်ကာလအတွင်း ညှင်းပန်း နှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင်အမှုရင်ဆိုင်ရန် ရုံးထုတ် အချိန်အတွင်း စားသောက်ရမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုရှိမရှိ၊ အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ကော်မရှင်ဝင်များသည် မအူပင်ဘိုးဘွားရိပ်သာ လက်ခံစောင့်ရှောက် ပေးလျက်ရှိသော ဘိုးဘွားများကို အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက် ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု ၊ သန့်ရှင်း သော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်း ဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)