mdn

သတင်းဆောင်းပါး - ဒေါက်တာနီလာသိန်း(လင်းရောင်သစ်)

 

(၂၅-၂-၂၀၁၉ ရက်နေ့မှအဆက်)

 

နောက်တစ်ချက်က ကြောင်းကျိုးဆက်နွှယ်တတ်မှုပါ။ ဆေးခန်းထဲကိုလူနာနဲ့အတူ လူနာစောင့်ဝင်လာမယ်။ အမြင်နဲ့ အထင်မှန်းပြီး သူတို့နှစ်ဦးကိုဆွေမျိုးမစပ်သင့်ပါဘူး။ ဥပမာ အသက်ကြီးတဲ့အမျိုးသားနဲ့ အသက်ငယ်တဲ့အမျိုးသမီး ဝင်လာတိုင်း သားအဖ ဟုတ်ချင်မှ ဟုတ်မယ်။ အသက်ကြီးတဲ့အမျိုးသမီးနဲ့ ငယ်တဲ့ အမျိုးသားတွဲပြီး ဝင်လာတိုင်း သားအမိဖြစ်ချင်မှဖြစ်မှာပါ။ ရွယ်တူတန်းတူလာတိုင်းလည်း လင်မယား ဖြစ်ချင်မှဖြစ်မယ်။ လူနာရဲ့လူမှုရေးကို စိတ်ဝင်စားဖို့ မလိုဘူး။ မိမိက လူနာရဲ့ ခံစားနေရတဲ့ရောဂါ ဝေဒနာ ကိုသာ ကုသမှာဖြစ်လို့ “လူနာရဲ့ ရောဂါအကြောင်း ပြောပြချင်ပါတယ်။ လူနာနဲ့ ဘယ်လို တော်စပ်ပါသလဲ” လို့ မေးပြီးမှ ရောဂါနဲ့ပတ်သက်တဲ့အကြောင်းတွေကို ရှင်းလင်းပြောပြပါတယ်။ တကယ်လည်း အရေးကြီးတဲ့ လျှို့ဝှက်အပ်တဲ့ ရောဂါကို ပြောမယ်ဆိုရင် ကာယကံရှင်လူနာရဲ့ ဆွေမျိုး အရင်းကိုသာ ပြောပြချင်လို့ပါ။ ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်အရ လူနာရဲ့လျှို့ဝှက်အပ်တဲ့အရာကို ထိန်းသိမ်း ပေးထားဖို့ လိုပါတယ်။ မိမိကြောင့်ကာယကံရှင်လူနာ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး၊ သူ့ပတ်ဝန်းကျင် အပေါင်းအသင်းအကြား သိက္ခာညှိုးနွမ်းရမှာမျိုး မဖြစ်စေချင်ပါဘူး။

 

နောက်တစ်ချက်က မှတ်သားနိုင်စွမ်းပါ။ မှတ်သားဉာဏ်တွေက လူတစ်ဦးနဲ့တစ်ဦး မတူကြဘူး။ တချို့က စာတွေကို မှတ်မိမယ်။ တချို့က လမ်းတွေကို ပိုပြီးမှတ်မိတယ်။ တချို့က လူတွေကို မှတ်မိတယ်။ တချို့က အကြောင်းအရာတွေ မှတ်မိတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်အကန့်အကန့်တွေထဲမှာ ကိုယ်စိတ်ဝင်စားရာ၊ အားသန်ရာကို သိုမှီးထားတယ်။ အခွင့်သင့်တဲ့အခါ အဲဒီဦးနှောက်ကနေ ထုတ်ယူသုံးစွဲကြရတယ်။ တချို့က တော့ လူတွေကိုမှတ်မိတယ်။ ဘယ်လောက်အချိန်တွေ ကြာမြင့်ပါစေ တစ်ခါတွေ့ဖူးထားရင်အဲဒီလူကို မှတ်မိနေတာပါပဲ။ လူတွေကို မှတ်မိတာကလည်း အောင်မြင်မှုရစေတဲ့ အချက်လို့ ထင်ပါတယ်။ ဘယ်သူမဆို ကိုယ့်ကိုမှတ်မိတာ၊ သတိတရ ရှိတာ ကြိုက်ကြမှာပါပဲ။ ဒါကြောင့် ဆေးခန်းတစ်ခု၊ ဆရာဝန်တစ်ယောက် အောင်မြင်တယ်ဆိုတဲ့နေရာမှာ ကုသမှုလည်း ကောင်းရမယ်၊ စေတနာလည်း ပါရမယ်၊ ဆိုရှယ်လည်း ကောင်းရမယ်လို့ ပြောကြပါတယ်။

 

နောက်ထပ်အရေးကြီးတာက ဆရာဝန်တစ်ယောက်အနေနဲ့ အပျက်စကား နာလိုခံခက်တဲ့စကားမျိုး မပြောသင့်ပါဘူး။ အဖြစ်စကားပဲ ပြောသင့်တယ် ဆိုတာပါ။ ဒါတွေဟာ ပညတ်တွေပါလို့ ငြင်းဆိုချင် ငြင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် ယနေ့အချိန်အထိ ကျွန်မနှုတ်က အပျက်/အဖျက် နိမိတ်ပုံဆောင်တဲ့စကားလုံးမျိုး ပြောမထွက်ဖို့ အမြဲသတိထားပါတယ်။ ဥပမာ- အိမ်ရှေ့မှာဖြစ်ဖြစ်၊ လမ်းမှာဖြစ်ဖြစ် ကျီးတွေ အော်နေကြ တယ်ဆိုပါတော့။ “ကျီး”ကိုဘယ်တော့မှ “ကျီးကန်း”လို့ ကျွန်မ မခေါ်ဘူး။ မျက်စိဆရာဝန်ဖြစ်လာတဲ့ အချိန်ကစပြီး သတိထားတယ်။ “ရွှေကျီး”လို့ပဲ နှုတ်ကထွက်တယ်။ “ကန်း” ဆိုတဲ့ စကားလုံးကို ကျွန်မ မသုံးချင်ဘူး။ အဲဒီလောက်တောင်ကျွန်မရဲ့ လူနာတွေနဲ့ပတ်သက်ပြီး “စကားနောက် တရားပါ”မယ့် အပြောမျိုး မပြောမိဖို့ သတိထားပါတယ်။ ခွဲနေစဉ်မှာ လူနာကမငြိမ်ဘူး၊ ပြောမရ၊ ဆိုမရ ရုန်းကန်အော်ဟစ်နေတဲ့ အခါမျိုးမှာ ကျွန်မလည်း ပုထုဇဉ်လူသားတစ်ယောက်ဖြစ်တာကြောင့် “စိတ်”ဆိုတာ ရှိတယ်။ “ဒေါသ”ဆိုတာ ရှိပါတယ်။ 

 

ဒါပေမယ့် အဲဒီလို ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်၊ သည်းမခံနိုင်တဲ့စိတ်၊ မချင့်မရဲစိတ်တွေကို သတိကပ်ပြီး သိလိုက်နိုင်ဖို့ အတော်ကြိုးစား လေ့ကျင့်ယူရပါတယ်။ တစ်ခါတလေ လူနာကို မြင်စေ ကောင်းစေလိုတဲ့စိတ်နဲ့အော်မိငေါက်မိတာ ရှိဖူးပါတယ်။ တကယ်တော့ လူနာတွေဘက်ကကြည့်ရင် ဘယ်သူကမှ ကိုယ့်မျက်စိကို မထိခိုက်စေချင်ကြပါဘူး။ ဘယ်သူမဆို ခွဲစိတ်ခံနေရပြီဆို စိတ်လှုပ်ရှားကြမှာ ချည်းပါပဲ။ ကိုယ်သာသူ့နေရာမှာ လူနာဖြစ်ခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ အားပေးစကားပြောရင်း စိတ်ပြောင်းစိတ်လွှဲဖြစ်မယ့်စကားလေးတွေပြောရင်း နှစ်သိမ့်ပေးရပါတယ်။

 

ခွဲနေတာ ခဏရပ်ပြီး “နာလို့လား...မနာအောင် ထုံဆေးတွေ အများကြီး ထည့်ပေးမယ်နော်။ စိတ်ကိုလျှော့ထား” ဆိုပြီး ခဏလောက် တော့ အချိန်စောင့်ပေးလိုက်ပါတယ်။ 

 

“အမေကြီး ငြိမ်ငြိမ်နေမှာလား၊ မနေဘူးလား။ ငြိမ်ငြိမ်မနေရင် အမေကြီး မျက်လုံး(---)သွားမယ်၊ မကြောက်ဘူးလား”ဆိုတဲ့ စကားမျိုး ဘယ်တော့မှမပြောရဘူးလို့ ကျွန်မရဲ့ လက်ထောက်ဆရာဝန် ဆရာမလေး တွေကိုသင်ပေးထားပါတယ်။ တစ်ခါကတော့ လူနာက နာတာကတစ်ကြောင်း၊ ကြောက်တာကတစ်ကြောင်း၊ မျက်စိခွဲနေတုန်း မျက်စိကို အရမ်းညှစ်နေတယ်။ အဲဒီအခါ ဆေးခန်းထဲမှာရှိနေတဲ့သူတွေက ဘေးကနေပြီး အော်ပါတယ်။

 

“အဘ... မညှစ်နဲ့လေ၊ ညှစ်နေရင်တော့ အဘမျက်လုံးထဲကဟာတွေအကုန်ထွက်ကုန်မယ်”တဲ့။ အဲဒီတုန်း ကများ ကျွန်မ စိတ်ဆိုးလိုက်တာ။ နောက်ဘယ်တော့မှ မပြောမိဖို့ ကျွန်မသတိပေးလိုက်ပါတယ်။ ကျွန်မရဲ့ ခံယူချက်ကတော့ ခွဲစိတ်နေစဉ်မှာ လူနာက ဘယ်လောက်ပဲ မနာခံပါစေ၊ မိမိကို ယုံကြည်ကိုးစားလို့သာ သူ့မျက်လုံးကို အပ်နှံထားတာဖြစ်တယ်။ သူ့ခမျာ ကြောက်ရှာလွန်းလို့သာ ရုန်းကန်နေတာ မိမိကသာ နားလည်သည်းခံပေးရမယ်လို့ ခံယူထားပါတယ်။

 

ဒါပေမယ့်လည်း တချို့တချို့မှာတော့ လူနာက ဘယ်လိုမှ ပြောလို့ဆိုလို့မရ၊ အောက်ကြည့်ပါဆိုလည်း အောက်မကြည့်၊ နေချင်သလိုနေ၊ ကုန်းရုန်းထ နေပြီဆိုရင် စိတ်ကနည်းနည်းတိုချင်လာပါပြီ။ ကျွန်မကိုယ်ကျွန်မ သတိပြန်ပေးရတယ်။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရလဲဆိုတော့ လွန်ခဲ့တဲ့နှစ်တွေက ကျွန်မစိတ်နဲ့ ယနေ့လက်ရှိကျွန်မရဲ့စိတ်က မတူတော့တာ သတိထားမိလို့ပါပဲ။ နည်းနည်းအသက်ကြီးလာတာနဲ့အမျှ စိတ်ရှည်နိုင်မှုအားက လျော့နည်းလာတတ်ကြတယ် ထင်ပါတယ်။ ဆေးရုံမှာ လူနာတွေကများ၊ လူပင်ပန်း၊ စိတ်ပင်ပန်း၊ ဝန်နဲ့အား မမျှမတ လုပ်နေရတဲ့ အချိန်၊ မောပန်းနွမ်းနယ်နေတဲ့အချိန်မှာ သတိလက်လွတ်ဖြစ်ပြီး သည်းခံနိုင်အား လျော့သွားတယ်။ စိတ်ဆတ်သွားမိတာ ကိုယ့်ဘာသာ သတိပြုမိလို့ပါပဲ။ ချက်ချင်းပြန်ထိန်းရတယ်။ ဪ မတော်လို့ ခုနေများ ရုတ်တရက်ငါသေသွားရင်လားရာမကောင်းနိုင်ဘူး၊ ဒေါသစိတ်နဲ့ သေတော့မှာ။ စိတ်ကိုလျှော့၊ သတိကပ်၊ ကာမာဝါစရကုသိုလ်တွေက ဘာမှမခိုင်မာဘူး၊ ကောင်းတာ လုပ်နေပေမယ့်ဒီစိတ်လေးတစ်ခုကြောင့် ဘဝတွေ အမျိုးမျိုးဖြစ်နိုင်တယ်ဆိုပြီး လူနာခွဲစိတ်နေတုန်း မကြာခဏ သတိကပ်နေရတဲ့ အဖြစ်ပါပဲ။ ကိုယ့်လို ဆရာဝန်အချင်းချင်းကိုလည်း ကိုယ်ချင်းစာမိပါရဲ့။

 

နောက်တစ်ချက်က သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောတဲ့ ဆရာဝန်မဖြစ်ဖို့ မိမိကိုယ်ကို သတိထားရပြန်ပါတယ်။ လူနာတွေကတော့ အမျိုးမျိုးပေါ့။ လက်ရှိပြသနေတဲ့ ဆရာဝန်သဘော ကျအောင်ပြောတာလည်း ရှိတယ်။ တခြားဆေးခန်းမှာ အအော်အငေါက် အငြူစူခံခဲ့ရလို့ ဆရာဝန်က သူပြောတာကို သေချာနားမထောင်လို့ ကိုယ့်ဆီကိုလာပြတာလည်း ဖြစ်နိုင်တယ်။ ဒီတော့ သူ့စကားမှာ သံယောင်လိုက်ပြီး ကျွန်မနားမထောင်ပါဘူး။ ကိုယ့်ဆီလာပြတယ်ဆိုကတည်းက သူများခွဲထားတာ စိတ်တိုင်းမကျလို့ခွဲထားတာကောင်းရဲ့နဲ့လည်း ပိုကောင်းလာနိုးနဲ့ သူများအဆွယ်ကောင်းလို့ တစ်နေရာကတစ်နေရာ ပြောင်းပြတတ်တာလည်းရှိတယ်။ ဒီလိုပဲ ကိုယ်ခွဲထားတာမကောင်းရင် ကိုယ့်ဆီပြန်လာ တဲ့သူရှိသလို ကိုယ့်ဆီပြန်လာမပြဘဲအခြားဆေးခန်းသွားပြကြတဲ့သူလည်း ရှိမှာပဲ။ ကိုယ့်ဆီပြန်မလာတိုင်း၊ ကိုယ်ခွဲတဲ့သူတိုင်း လိုအပ်ချက်မရှိ ပြည့်စုံနေမယ်လို့ ကျွန်မ မထင်ဘူး။ ကိုယ့်ဆီလာပြလို့လည်း “သူများအထုပ်ထမ်းရတယ်”လို့ မငြိုငြင်ချင်ပါဘူး။

 

 “ခွဲထားတာ သိပ်ကောင်းတယ်၊ မျက်မှန်လေးတပ်လိုက်ရင် အားလုံး မြင်သွားမှာ မျက်စဉ်းလေးလည်း ဆက်ခပ်လိုက်ဦးနော်”လို့ လူနာကို အားပေး စကားပြောပါတယ်။ သူများမကောင်းကြောင်း ကိုယ်ကောင်း ကြောင်း ပြောရတာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ဖော်ပြနေသလိုပဲလို့ ယုံကြည်ထား ပါတယ်။

 

နောက်ဆုံးတစ်ချက်ကတော့ ရိုးသားရမှာဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက် ရိုးသားရမယ်ဆိုတဲ့နေရာမှာ သူများပစ္စည်း မတရားယူတာ၊ လိမ်ညာတာကို မဆိုလိုပါဘူး။ လူနာနဲ့ဆက်ဆံတဲ့အခါ ရိုးသားတဲ့စိတ်နဲ့ အမှန်တရားကို ပြောဆိုဖို့ပါ။ ကိုယ်မကျွမ်းကျင် မပိုင်နိုင်တဲ့ရောဂါကိုကိုယ်ထက်တတ်ကျွမ်းတဲ့သူထံ လွှဲပြောင်းအပ်နှံပေးဖို့ပါ။ ကိုယ့်ထက်ငယ်ချင်ငယ်မယ်၊ ဒီရောဂါကို အဲဒီဆရာဝန်ကမှ ကုသပေးနိုင်မယ်ဆိုရင်လူနာကို ပွင့်လင်းရိုးသားစွာပြောပြီး အချိန်မီလွှဲအပ်ရပါတယ်။ လူနာမှတ်တမ်း မှာ ယခင်က ကိုယ့်ရဲ့ကုသချက်တွေကို ရေးသားပြီး လက်မှတ်ထိုးပါတယ်။ တာဝန်ယူတဲ့သဘောပါ။

 

ဒါကြောင့် ကျွန်မလေ ညအိပ်တိုင်း အိပ်ပျော်တယ်။ “လိပ်ပြာသန့်တယ်”ဆိုတဲ့ ခေါင်းအုံးလေးကို ညတိုင်းအုံးပြီး အိပ်နေလို့ပါပဲ။ မနေ့က ကျွန်မနဲ့ဒီနေ့ကျွန်မပဲ ပြိုင်ဆိုင်တယ်။ ဒီနေ့ ကျွန်မ ဘယ်လို အကုသိုလ်မှ မလုပ်ဘူး၊ ဘာအမှားမှ မလုပ်ဘူး။ မိမိရှေ့မှာရှိနေတဲ့ လူနာတစ်ယောက်အပေါ်မှာပဲစိတ်နှစ်ထားတယ်။ ပစ္စုပ္ပန်ကို တည့်တည့်ရှုတယ်။ လူနာတွေကို ဝေဒနာ သက်သာစေချင်တယ်။ မြင်စေ၊ ကောင်းစေချင်တယ်။ ကျွန်မနှလုံးသားထဲမှာ အမြဲရှိနေ၊ ကိန်းနေတဲ့ “အနုပညာစိတ်”က ကျွန်မကို အကောင်းစိတ်၊ အဖြစ်စိတ်ကိုပဲ ဖန်တီးပြုမူပေးလို့ပါပဲ။

 

တစ်နေ့တာကို အနုပညာစိတ်နဲ့ ဖြတ်သန်းရင်း မိမိလုပ်နိုင်တဲ့ အစွမ်း ရှိသလောက် လုပ်နိုင်တဲ့ အချိန်ကာလ တစ်ခုအထိ ဆက်လက်ရှင်သန်နေမယ်ဆိုတဲ့ စိတ်၊ ဘယ်အရာမှ မမြဲပါလား အားလုံးဟာ တစ်နေ့ထားခဲ့ကြရမှာ ဆိုတဲ့ တစ်စုံတစ်ရာ ကို ဆုပ်ယူဆွဲကိုင်မထားတဲ့စိတ်နဲ့ နေထိုင်ရတာ ပေါ့ပါး လွတ်လပ် အေးချမ်းလှပါတယ်။ 

 

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ကျွန်မ ပြောချင်တာကတော့ အနုပညာ စိတ်က ရသပေါင်းစုံကို ပေးစွမ်းနိုင်၊ ခံစားနိုင်၊ ရရှိနိုင်ပါတယ်။ လောကီသာမက လောကုတ္တရာချမ်းသာအထိ ထောက်ကူပေးစွမ်းနိုင်ပါတယ်။ နေက္ခမဉာဏ်ရင့် သန်ရင် အရိယာအထိ တွန်းပို့တတ်တာလည်း “အနုပညာ”ပါပဲ။ ဝိပဿနာဆိုတာကလည်း ခန္ဓာကြီးကို အနုစိတ်ကြည့်ရှုပြီး ဓမ္မရသ၊ နေက္ခမ ရသ၊ သံဝေဂရသမြောက်အောင် ဉာဏ်ဖြင့်ဆင်ခြင်တဲ့ အနုပညာတစ်ရပ်ဖြစ်ပါတယ်။လူသားတို့ရဲ့ ပထမဆန္ဒဟာ အသက်ရှင်လိုမှုပဲ ဖြစ်ပါတယ်။ အသက်ရှင်မှု၊ ကျန်းမာမှုကို ဖြည့်စွမ်းပေးနိုင်တဲ့ ဆရာဝန်များအနေနဲ့ မိမိကို အားကိုးကြတဲ့ လူနာများအပေါ်မှာ အနုပညာ မြောက်သော စိတ်နှလုံးသားကို အရင်းတည်ပြီး အနုပညာမြောက်သော ကုသမှုများကို ပိုင်ဆိုင်ပေးဆပ်နိုင်ကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။